မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်း စာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၁/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့

     မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၁/၂၀၁၈ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၂)၊ ဗဟိုစာရင်းအင်းအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပရာ မွေးဖွားမှုနှင့်သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။


 

     ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မွေးဖွားမှုနှင့်သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများသည် တိုင်းပြည်အတွက် အလွန်အရေးပါပြီး အခြေခံကျသည့် စာရင်းဇယားများ ဖြစ်ပါကြောင်း၊

     တိုင်းပြည်အတွက်အလွန်အရေးပါသည့် လူဦးရေဆိုင်ရာမူဝါဒတစ်ရပ် ပေါ်ပေါက်လာရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် အရေးပါသည့် လုပ်ငန်းများအတွက် မဟာဗျူဟာနှင့် စီမံချက်များ ရေးဆွဲရာတွင် ဤစာရင်းဇယားများ၏မှန်ကန်မှုရှိလျင် ရှိသကဲ့သို့ အချိန်နှင့်တပြေးညီရရှိမှုရှိလျင် ရှိသကဲ့သို့ ထိရောက်အောင်မြင်မှုများရရှိပြီး ရေရှည်တွင်လည်း အကျိုးဖြစ်ထွန်းမည်ဖြစ်ပါကြောင်း၊

     ယခုကဲ့သို့သော အရေးကြီးကိစ္စတွင် ပါဝင်ကြသူများအနေဖြင့် မိမိတို့အဖွဲ့ စတင်ဖွဲ့စည်းကတည်းက ဆောင်ရွက်ခဲ့သော လုပ်ငန်းကိစ္စများကိုပြန်လည်သုံးသပ်၍ တိုးတက်ရန် ဆောင်ရွက်နိုင်မည့်အချက်များကို လုပ်ငန်းတာဝန်များ အသီးသီးခွဲဝေသတ်မှတ်၍ မိမိတို့သက်ဆိုင်ရာကဏ္ဍများကို အလေးပေးဆောင်ရွက်ပေးကြပါရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သည်သာမက ထွက်ပေါ်လာမည့်အကျိုးရလဒ်များ၊ ပြည်သူအတွက် ရေရှည်အကျိုးရှိမည့်အချက်များကို မျှော်မှန်း၍ ဦးစားပေးဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊

     မြန်မာနိုင်ငံတွင် စာရင်းဇယားများ၏မှန်ကန်တိကျမှုကို အလေးပေးမှု၊ စာရင်းဇယားများကို သေချာစွာကြည့်ရှု၍ ပြင်ဆင်ရန်အချက်နှင့် တွေ့ရှိချက်များကို ပေးပို့သူအား ပြန်လည်ပေးပို့သော အလေ့အထ (feedback)၊ ရရှိလာသောအချက်အလက်များကို စနစ်တကျခွဲခြမ်းစိတ်ဖြာ သုံးသပ်၍ လုပ်ငန်းမူဝါဒများချမှတ်သော စာရင်းအင်းယဉ်ကျေးမှုနှင့် အလေ့အထများ ယခုထက်ပိုမို ဖြစ်ထွန်းပေါ်ပေါက်ရန် လိုအပ်ပါ ကြောင်းပြောကြားခဲ့ပါသည်။

     ထို့နောက် မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က မွေးဖွားမှုနှင့်သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် စပ်လျဉ်းသော လုပ်ငန်းများအား ရှင်းလင်းတင်ပြပါသည်။


 

     ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က ၂၀၁၇ ခုနှစ်အတွင်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ် (၁၄) မြို့နယ်တွင် Verbal Autopsy နည်းလမ်းဖြင့် ကောက်ယူရရှိသော Cause of Death ရလဒ်များနှင့် မိုဘိုင်းဖုန်း Birth Registration ကို ရှင်းလင်းတင်ပြပါသည်။

     ထို့နောက် တက်ရောက်လာသောအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး အဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။


 

     အခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာန၊ ပညာရေးသုတေသနစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ UNICEF မှ Policy Advocacy Officer ၊ Bloomberg D4H နှင့် Vital Strategies တို့မှ Country Coordinator များ၊ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

More Tags