မြို့နယ် (၉၆) မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends coordination meeting on sub-national polio immunization days in (96) townships and nationwide measles-rubella vaccination campaign

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် သြဂုတ်လ (၁၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) ၌ ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ် (၉၆) မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

     ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံသည် အခြားသော အရှေ့တောင်အာရှနိုင်ငံများနည်းတူ ပိုလီယိုကင်းစင်သော နိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် (၂၀၂၃) ခုနှစ်တွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကင်းစင်ရေး ရည်မှန်းချက်ပြည့်မီရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်နိုင်သည်များ ရှိသကဲ့သို့ မိမိတို့မှ ဆောင်ရွက်ရန် မဖြစ်နိုင်သည့် အခြေအနေ၊ အကြောင်းတရားများလည်းရှိပါကြောင်း၊

 

• မြန်မာနိုင်ငံသည် (၂၀၁၄) ခုနှစ်တွင် ပိုလီယိုကင်းစင်သော နိုင်ငံအဖြစ်ကြေညာနိုင်ခဲ့အပြီး (၂၀၁၅) ခုနှစ်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အသွင်ပြောင်းပိုလီယိုရောဂါပိုး ကပ်အသွင်ဖြစ်ပွားခဲ့ပါရာ (၂၀၁၅) ခုနှစ်နှင့် (၂၀၁၆) ခုနှစ်များတွင် တစ်နိုင်ငံလုံး ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးခြင်းအပါအဝင် အပိုဆောင်းပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်း (၆) ကြိမ်ကိုပါ (၄) လတာကာလအတွင်းတွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

• ထိုသို့ အချိန်နှင့် တစ်ပြေးညီ ထိထိရောက်ရောက် လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် International Health Regulation Committee မှ မြန်မာနိုင်ငံကို ပိုလီယိုရောဂါ ကူးစက်ပြန့်ပွားနိုင်ချေများသော နိုင်ငံများစာရင်းမှ (၂၀၁၇) ခုနှစ်တွင် ပယ်ဖျက်ပေးခဲ့ပါကြောင်း၊

 

• မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးလုပ်ငန်းလွှမ်းခြုံမှုသည် နှစ်စဉ်တိုးတက်ခဲ့သော်လည်း ကရင်ပြည်နယ် ဖာပွန်မြို့နယ်အပါအဝင် မြို့နယ် (၄၀) ခုခန့်တွင် ပိုလီယိုကာကွယ်ဆေး (၃) ကြိမ်ပြည့်ရရှိမှု လွှမ်းခြုံရာနှုန်းသည် နှစ်စဉ် (၈၀) ရာခိုင်နှုန်းအောက်သာရှိနေပါကြောင်း၊

• ဖာပွန်မြို့နယ်သည် လုံခြုံရေးအခြေအနေများကြောင့် ကျန်းမာရေးဝန်ထမ်းများသွားလာနိုင်ခြင်း မရှိသဖြင့် မြို့နယ်ဧရိယာ၏ (၃၀) ရာခိုင်နှုန်းတွင်သာ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြစ်ပါကြောင်း၊

 

• လုံခြုံရေးအခြေအနေများကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသော ဖာပွန်မြို့နယ်ရှိ ကာကွယ်ဆေးလွှမ်းခြုံမှုလုံးဝမရှိသောကျေးရွာများ၌ (၂၀၁၉) ခုနှစ်၊ ဇွန်လတွင် အသွင်ပြောင်းပိုလီယိုရောဂါ ပိုးကပ်အသွင်ဖြစ်ပွားခဲ့ပါကြောင်း၊

• ထိုသို့ဖြစ်ပွားခဲ့ခြင်းအပေါ် ဝန်ကြီးဌာနမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့နှင့် ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါကြောင်း၊

 

• ယခုလက်ရှိတွင် ကရင်ပြည်နယ်ရှိ မြို့နယ်အားလုံး၊ မွန်ပြည်နယ်ရှိ မြို့နယ် (၃) ခုနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် (၂) ခုတို့တွင် ပိုလီယိုတုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို (၃) ကြိမ်တိုင်ဆောင်ရွက်ခဲ့ပါကြောင်း၊

• ဆက်လက်၍ Global Polio Eradication Initiative ၏ လမ်းညွှန်များအရ ရောဂါကူးစက်မှုကို ဖြတ်တောက်နိုင်ရန်အတွက် ကလေး (၁)သန်းခန့်ကို ကာကွယ်ဆေး တိုက်ကျွေးသွားရမည်ဖြစ်ပါကြောင်း၊

 

• မြန်မာနိုင်ငံသည် (၂၀၁၈) ခုနှစ်တွင် ပိုလီယိုကာကွယ်ဆေးလွှမ်းခြုံမှုသည် (၉၀) ရာခိုင်နှုန်း အထက်ရှိသော်လည်း နယ်မြေမအေးချမ်းသောနေရာများ၊ သွားလာရခက်ခဲသော နေရာများတွင် ပိုလီယိုကာကွယ်ဆေးလအပါအဝင် ကာကွယ်ဆေးလွှမ်းခြုံမှုသည် (၈၀) ရာခိုင်နှုန်းအောက်တွင်သာ ရှိနေပါကြောင်း၊

• ထို့ကြောင့် ပိုလီယိုရောဂါပိုးကူးစက်နိုင်ခြေအများဆုံး တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုတွင်ရှိသော မြို့နယ် (၉၆) ခုကို ဆန်းစစ်ရွေးချယ်ကာ သြဂုတ်လ (၂၆) မှ (၂၈) ရက်နေ့အတွင်း ဒေသအလိုက် ပိုလီယိုကာကွယ်ဆေးတိုက်နေ့များ (Sub-national immunization day) အဖြစ် ပထမအကြိမ်ဆောင်ရွက်ပြီး ဒုတိယအကြိမ်အဖြစ် အဆိုပါ (၉၆) မြို့နယ်တွင် ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးခြင်းကို အောက်တိုဘာလအတွင်းဆောင်ရွက်မည့် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် အတူတစ်ပါတည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ထိုသို့ဆောင်ရွက်ရန်အတွက် လက်တွေ့နေရာဒေသမြေပြင် အခြေအနေ၊ လုံခြုံရေးအခြေအနေ၊ ရာသီဥတုအခြေအနေများ အပါအဝင် အခြေအနေအရပ်ရပ်ကိုထည့်သွင်း စဉ်းစားကာ အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် စီမံချက်များကိုသာရေးဆွဲ ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊
• ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံမှုကို အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှုအခြေအနေများကိုလည်း checklist များအသုံးပြု၍ ကြည့်ရှုဆန်းစစ်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

 

• လုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးလုပ်ငန်းအဖွဲ့ငယ်များအလိုက် တွေ့ကြုံရသည် အခက်အခဲ၊ အားနည်းချက်နှင့် အားသာချက်များကို ပုံမှန်ဆွေးနွေး၍ ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးများကို အပြည့်အဝ (သို့မဟုတ်) လုံးဝလာရောက်ထိုးနှံတိုက်ကျွေးခြင်းမရှိရသည့် အကြောင်းချင်းရာများကို သုတေသနများ (qualitative research) ပြုလုပ်စေလိုပါကြောင်း၊

 

• ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးများဖြင့် ရောဂါဆိုးများ ဖြစ်ပွားမှုနှင့်သေဆုံးမှုများကို ကာကွယ်နိုင်သည့် အကျိုးကျေးဇူးများ၊ အဖိုးအခ ကြီးမားသည့် ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးနေမှုတို့အပါအဝင် ပြည်သူများသိရှိစေရန် အသိပညာပေးမှု လုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ယခုအစည်းအဝေးတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုလုပ်ငန်းများ ရည်မှန်းလူအုပ်စု အများဆုံး ရောက်ရှိစေရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြစေလိုပါကြောင်း၊

 

• ကာကွယ်ဆေးထိုးလုပ်ငန်းမှတာဝန်ရှိသူများအနေဖြင့် ကလေးမိခင်များ၏ နေရာမှ စဉ်းစား၍ လုပ်ငန်းများကို ဆောင်ရွက်ကြစေလိုပါကြောင်း၊

• ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားမှု လျော့နည်းပပျောက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     သြဂုတ်လ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့ တို့တွင် (၂) ရက်တာကျင်းပခဲ့သည့် အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ် (၉၆) မြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းမည့် အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များ ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်ရန် လေ့ကျင့်သင်ကြားခြင်းနှင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၊ ဒုတိယ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ အမျိုးသားအဆင့်ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ အမျိုးသားအဆင့် ပိုလီယိုပပျောက်ရေးအသိအမှတ်ပြုကော်မတီ ဥက္ကဋ္ဌနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နှီးနွှယ်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags