မြန်မာ့အားကစားလောက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ မြန်မာ့အားကစားလောက ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက် မြင့်မားရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

- ယနေ့ကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲသည် အားကစားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေး ကြီး ကြောင်း၊

- ယနေ့ တွေ့ဆုံဆွေးနွေးပွဲ၏ အဓိက ရည်ရွယ်ချက်များမှာ -

- ဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များ အရှိန်အဟုန်မြှင့်ပူးပေါင်းဆောင်ရွက်ရေး၊

- ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေးအတွက် ပြည်တွင်း အားကစား ပြိုင်ပွဲများကို ပိုမိုကျင်းပပြုလုပ်နိုင်ရေး၊

- ပြည်ပအားကစားပြိုင်ပွဲများတွင် ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်အနိုင်ရရှိရေး၊

- အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများတွင် မျိုးဆက်သစ်အားကစားသမားများကို ရွေးချယ် စုဆောင်းမှု၊ မွေးမြူလေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုစနစ်ကျ ကောင်းမွန်စေရေး၊

- အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အောင်မြင်မှုရရှိသော အားကစားသမားများကို အားပေးချီး မြှောက်ရေးနှင့်

- ဝန်ကြီးဌာနမှ အားကစားအဖွဲ့ချုပ်များအား မည်ကဲ့သို့ပံ့ပိုးစေလိုသည်များကို သိရှိနိုင်ရေးတို့ဖြစ်ကြောင်းနှင့် တက်ရောက် လာကြသူများအားလုံးက ပွင့်လင်းစွာဖြင့် ဆွေးနွေးအကြံပြုကြစေလိုကြောင်း၊

- (၂၀၁၈) ခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့သော မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် ဆွေးနွေးပွဲ (National Sports Seminar) မှပေါ်ထွက်လာခဲ့သော အကြံပြုဆွေးနွေးချက်များသည် အလွန်အကျိုးရှိအဖိုးတန်ကြောင်းနှင့်

- အဆိုပါ ဆွေးနွေးအကြံပြုချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အဖွဲ့ငယ်များဖွဲ့၍ အသေးစိတ်ထပ်မံဆွေးနွေး၍ မည်သူက မည်သည့်လုပ်ငန်းများဆောင်ရွက်ကြမည်ကို တိတိကျကျသတ်မှတ်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

- အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင် မျိုးဆက်သစ်အားကစားသမားများကို စတင်ရွေးချယ် စုဆောင်းစဉ်ကတည်းက အရည်အချင်းရှိသော အလားအလာရှိသော လူငယ်များကိုစုဆောင်း၍ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းရေးသာမက စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်ကျန်းမာစေရေး သိပ္ပံနည်းကျအားကစား နည်းပညာ (Sports science) ဖြင့်လေ့ကျင့်မွေးမြူရန် လိုအပ်ကြောင်း၊

- အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ၏ လက်ရှိ သင်ကြားလေ့ကျင့်မှုပုံစံများ၊ အုပ်ချုပ်မှုပုံစံများ၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ လေ့လာဆန်းစစ်မှုစနစ်များနှင့် နည်းပြများ၏ အရည်အချင်းမြှင့်တင်ရေးလုပ်ငန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်၍ ပိုမိုကောင်းမွန် စေရေးအတွက် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊

- ဝန်ကြီးဌာနအနေဖြင့် အားကစားသမားများ လေ့ကျင့်မှုပိုမိုကောင်းမွန်ရန် နှင့် အောင်မြင်မှုများ ပိုမိုရရှိစေရန် အတွက် အထူးအရေးကြီးသည့် အာဟာရဖွံ့ဖြိုးရေးကိစ္စရပ်များကို အထူးလေးထား၍ အရှိန်အဟုန်ဖြင့် စီမံချက် ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း၊

- ဝန်ကြီးဌာနအနေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနအတွက် ဘဏ္ဍာငွေများ ပိုမိုတိုးမြှင့်ချထားပေးလျက် ရှိပြီး အားကစားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပံ့ပိုးမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

 

- ပြည်တွင်းအားကစားပွဲများပြုလုပ်ရာတွင် ပြည်သူများပိုမိုစိတ်ဝင်စားမှုရရှိ၍ ပွဲကြည့်ပရိတ်သတ်များပိုမိုများပြား စေရေးအတွက် ပြိုင်ပွဲကျင်းပပြုလုပ်သည့်ပုံစံနှင့် နေရာမှစ၍ လိုအပ်သည်များ ပြုပြင်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊

- ဝန်ကြီးဌာနအနေဖြင့် အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အောင်မြင်မှုရရှိသော အားကစားသမားများ၏ ဘဝအာမခံရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် စွမ်းဆောင်ရည်အလိုက် ရာထူးတိုးမြှင့်ခန့်ထားပေးရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊

- အားကစားအောင်မြင်မှုများရရှိသည့်နိုင်ငံများတွင် မည်ကဲ့သို့ ကြိုပမ်းဆောင်ရွက်နေသည်ဆိုသည်များကို သိရှိရန် နှင့် အတုယူဆောင်ရွက်နိုင်ရန်အတွက် အင်တာနက်စာမျက်နှာများမှ တဆင့် အမြဲတမ်းလေ့လာသုံးသပ် ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊

- အားကစားပြိုင်ပွဲများတွင် အောင်နိုင်ရေးအတွက် သာမကဘဲ တစ်မျိုးသားလုံး ကျန်းမာဖွံ့ဖြိုးပြီး ကြံ့ခိုင်စေရေး (National Fitness) အတွက် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဆောင်ပုဒ်နှင့် ပြည်သူများကိုယ်လက်လှုပ်ရှား အားကစားကို ပိုမိုစိတ်ဝင်စားစေရန်နှင့် လေ့ကျင့်ဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက် ရှိပြီး အားကစားအဖွဲ့ချုပ်များမှလည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊

- အားကစားလောက ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား အားကစားမူဝါဒ (National Sports Policy) တစ်ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိနေကြောင်း၊

- အဆိုပါ အမျိုးသားအားကစားမူဝါဒသည် အမျိုးသား ပညာရေးမူဝါဒ၊ အမျိုးသား ကျန်းမာရေးမူဝါဒများနှင့် ချိတ်ဆက်မှုရှိရန်လိုအပ်ပြီး ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်လည်း အထူးအရေးကြီးကြောင်း၊

- ယခုတွေ့ဆုံပွဲမှ ဆွေးနွေးအကြံပြုချက်များကို အလေးအနက်ထား၍ လက်တွေ့အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်များသတ်မှတ်ဖော်ထုတ်ကာ ဝန်ကြီးဌာနအနေဖြင့် အဆင့်လိုက်၊ အပိုင်းလိုက် အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက မြန်မာ့အားကစားလောက ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိရင်ဆိုင်နေရသော အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ဝန်ကြီးဌာနမှ ကူညီပံ့ပိုး ပေးစေလိုသည့် ကိစ္စရပ်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

     အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် (၄၅)ဖွဲ့ မှ ဥက္ကဌများ၊ ဒုဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags