မြန်မာနိုင်ငံအမျိုးသားအဆင့် သွားနှင့်ခံတွင်းဆိုင်ရာ စစ်တမ်းကောက်ယူ၍ ရရှိလာသော အချက်အလက်များအပေါ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

     မြန်မာနိုင်ငံအမျိုးသားအဆင့် သွားနှင့်ခံတွင်းဆိုင်ရာ စစ်တမ်းကောက်ယူ၍ ရရှိလာသော အချက်အလက်များအပေါ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop for report analysis of the Myanmar National Oral Health Survey) ကို စက်တင်ဘာလ(၂၀)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြားပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုစစ်တမ်းကောက်ယူရာမှ ရရှိလာသော အချက်အလက်များသည် မြန်မာနိုင်ငံတွင် သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာရေးအတွက် ကောင်းမွန် တောင့်တင်းခိုင်မာသော အုတ်မြစ်တစ်ခုသဖွယ် ဖြစ်ပါ ကြောင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန် ဆောင်ရွက်ရာတွင် ယခုကဲ့သို့ သုတေသနများစွာ ပြုလုပ်ရန်လိုအပ်ပါ ကြောင်း၊

     သွားနှင့်ခံတွင်းဆိုင်ရာ ပြင်ပဆရာဝန်များ၊ ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ပြည်သူလူထုအတွင်း သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြင့်မားလာစေ ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုစစ်တမ်းမှ ရရှိလာသော အချက်အလက်များကို လက်တွေ့မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ထည့်သွင်း အသုံးပြုရမည်ဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှလည်း တက်ကြွပွင့်လင်းစွာ ပါဝင်ဆွေးနွေးကြစေလိုပါကြောင်းဖြင့် ပြောကြားပါသည်။


 

     အခမ်းအနားသို့ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီမှ ဥက္ကဌနှင့် အမှုဆောင်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တပ်မတော်ဆေးဝန် ထမ်းညွှန်ကြားရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ တပ်မတော်ဆေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ပြည်ပမှ ပညာရှင်များ၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ၊ စစ်တမ်းကောက်ယူမှုလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။


 

     မြန်မာနိုင်ငံအမျိုးသားအဆင့် သွားနှင့်ခံတွင်းဆိုင်ရာ စစ်တမ်းကောက်ယူ၍ ရရှိလာသော အချက်အလက်များအပေါ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်၍ စစ်တမ်းရလဒ်များထွက်ပေါ်လာစေရန် ပညာရှင်များက ဆွေးနွေးကြမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၂၁)ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

More Tags