မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့နှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အာဟာရ ဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ မြန်မာနိုင်ငံအာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၊ ဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာ စကားပြောကြားရာတွင် -

• အာဟာရဖွံ့ဖြိုးမှုသည် နိုင်ငံသားတိုင်း၏ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက်သာမက ဉာဏစွမ်းအား ပြည့်ဝမြင့်မားရေးအတွက်ပါ အရေးအကြီးဆုံးသော အချက်ဖြစ်ပြီး နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အုတ်မြစ်အခြေခံလည်းဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများ၏ အာဟာရအခြေအနေ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံသားတိုင်း အာဟာရပြည့်ဝ၍ ကျန်းမာသောအခြေအနေကို ရရှိ ခံစားနိုင်စေရေး မျှော်မှန်းချက်ကို ချမှတ်ပြီး၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကို (၁၉၅၄)ခုနှစ် ကတည်း စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်အထိ ရာနှုန်းပြည့် အောင်မြင်ထိရောက်မှု မရရှိသေးပါကြောင်း၊

 

• အဆိုပါလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံပါဝင်သည့် ကွင်းဆက် လုပ်ငန်းကြီးဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ နှီးနွှယ်ဆက်စပ် နေသော ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့များ၊ ဦးစီးဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ အားလုံးမှ စုစည်းပါဝင်၍ ကိုယ်ပိုင်အရေး ကိစ္စသဖွယ် အလေးထား ဆောင်ရွက်မှသာ ထိရောက်အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံခြင်းသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ရုံသာမက အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တစ်ဒေါ်လာရင်းနှီးမြှုပ်နှံခြင်းဖြင့် (၁၆) ဒေါ်လာအထိ အကျိုးအမြတ် ပြန်လည်ရရှိနိုင်ပါကြောင်း၊

 

• မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့်ဦးဆောင်ကော်မတီ ကို နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ ၄၉/၂၀၁၈၊ (၂၂-၆-၂၀၁၈)ရက်စွဲပါ စာအမှတ်၊ ၁၁၂(၁)/၈/သမ္မတရုံးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများ အနေဖြင့် လုပ်ငန်းများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသည့် အိုင်အိုဒင်းဓာတ်ပြည့်ဝရေးကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ပြည်သူများတွင် အစားအစာအမျိုးအစားအလိုက် အာဟာရဓာတ်ပါဝင်မှုကို သိရှိရန်မှာ အရေးကြီးပါကြောင်း၊

• ကျောင်းမုန့်စျေးတန်းများတွင် အာဟာရတန်ဖိုးမရှိသည့် စားသောက်ကုန်များ ရောင်းချခြင်း မရှိစေရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဟာရပြည့်ဝ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များသာရွေးချယ် စားသောက်နိုင်စေရေးတို့အတွက် ကျောင်းသားများ ကျန်းမာရေးအသိပညာမြင့်မားရန် ဆရာ/ ဆရာမများမှ ပညာပေး ဆောင်ရွက်စေလိုပါကြောင်း၊

 

• “ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအဆင့် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ် စီမံကိန်း (Multi-sectoral national plan of action on nutrition) (၂၀၁၈-၂၀၂၃)” ကိုရေးဆွဲခဲ့ပြီး ဝန်ကြီးဌာနများမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပထဝီအနေအထား၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်မှု၊ လူမှု-စီးပွား ဖွံ့ဖြိုးမှု၊ ဒေသခံများ၏ ကျန်းမာရေးအသိပညာကြွယ်ဝမှု၊ ယဉ်ကျေးမှု၊ အလေ့အထ၊ ကျန်းမာရေးဝန်ဆောင်မှုများရရှိမှုနှင့် အသုံးပြုမှု၊ ဒေသရှိ ပြည်သူများ၏ အာဟာရဖွံ့ဖြိုးမှုအဆင့်အတန်းစသည့် အခြေအနေများကို နောက်ခံထား၍ ဒေသနှင့် အကိုက်ညီဆုံးသော စီမံချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

 

• ထိုလုပ်ငန်းစဉ်များကို လူမှုရေးဝန်ကြီးများမှ ဦးဆောင်၍ သက်ဆိုင်ရာ ဦးစီးဌာနများအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်သည့် အဖွဲ့အစည်းအားလုံး ညှိနှိုင်းပေါင်းစပ်၍ ချိန်သားကိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ရောဂါဘယများဖြစ်ပွားမှုနှင့် အာဟာရပြည့်ဝဖွံ့ဖြိုးမှု အခြေအနေတို့သည် အပြန်အလှန် ဆက်စပ်လျက်ရှိသောကြောင့် ဝန်ကြီးဌာနအနေဖြင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ကမ္ဘာ့အာဟာရ လှုပ်ရှားမှု Scaling up nutrition (SUN) movement အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံသည် “ဘဝရှေ့ဆောင် ရက်တစ်ထောင်” ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အာဟာရ ဖွံ့ဖြိုးမှု အကြံပြုဆွေးနွေးခြင်း၊ ကိုယ်ဝန်ဆောင် နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များ အာဟာရစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများအား (၂၀၁၃)ခုနှစ် မှ စတင်၍ ကွန်ရက် (၅)ခုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• (၂၀၁၇) ခုနှစ်၊ ဇန်နဝါရီလတွင် ပခုက္ကူမြို့၌ ကျင်းပခဲ့သည့် အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လုပ်ငန်းစဉ်များချမှတ်ရာတွင် လက်တွေ့ကျသော လုပ်ငန်းစဉ်များကိုသာ ချမှတ်ဆောင်ရွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို နှီးနွှယ်ဝန်ကြီးဌာနများ လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်ကြရန် လမ်းညွှန်ခဲ့ပါကြောင်း၊

• အဆိုပါလမ်းညွှန်ချက်နှင့် အညီ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးအတွက် လက်တွေ့ မြေပြင်တွင် အမှန်တကယ်ဆောင်ရွက်သွားနိုင်မည့် လုပ်ငန်းစဉ်များကို ချမှတ်၍ သက်ဆိုင်သည့် ကဏ္ဍပေါင်းစုံပါဝင်မှု၊ ပညာရှင်ပေါင်းစုံပါဝင်မှု၊ အဖွဲ့အစည်းပေါင်းစုံပါဝင်မှုတို့ဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၊ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကားပြောကြားရာတွင် -

• မိမိတို့ဝန်ကြီးဌာန၏ မူဝါဒတွင် ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝသော သီးနှံ၊ သားငါး အမယ်စုံလင်စွာ ထုတ်လုပ်ပေးနိုင်ရေးဟူသည့် ရည်မှန်းချက်များပါဝင်ပြီး ဝန်ကြီးဌာနမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Agriculture Development MS-NPAN)တွင် အမယ်စုံ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အိမ်ထောင်စုများတွင် ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ သွင်းအားစုများ ပံ့ပိုးပေးခြင်း (မျိုးစေ့၊ တိရစ္ဆာန်၊ ကျန်းမာရေးစောင့် ရှောက်မှု)၊ ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့် ပတ်သက်သော ဗဟုသုတများ မျှဝေရန် ဝန်ထမ်းများအား သင်တန်းပေးခြင်း၊ ဝင်ငွေတိုးတက်ရရှိစေရန် မွေးမြူရေးလုပ်ငန်း (ဝက်၊ ဆိတ်၊ တိုင်းရင်းကြက်) တိုးချဲ့ဆောင်ရွက်ခြင်း၊ အသေးစားငါးမွေးမြူခြင်း လုပ်ငန်းများနှင့် စပါး-ငါး မွေးမြူရေးစနစ်များ စမ်းသပ် လုပ်ကိုင်စေခြင်း၊ ဘေးကင်းလုံခြုံသော အစားအစာများ လက်လှမ်းမီ ရရှိစေရန် လုပ်ကွက်ငယ်တောင်သူများအား ကောင်းမွန်သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်း များ (Good Agriculture Practices - GAP)၊ ကောင်းမွန်သော မွေးမြူရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (Good Animal Husbandry Practices - GAHP)၊ ကောင်းမွန်သော ရေလုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Aquaculture Practices - GAqP) စသည်တို့ကို လိုက်နာဆောင်ရွက်စေရန် ပညာပေးခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန်အတွက် စက်ရေတွင်းတူးခြင်း အပါအဝင် ရေသန့်ရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊

 

• မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ဥရောပသမဂ္ဂမှ ဝန်ကြီးဌာနသို့ အာဟာမြှင့်တင်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်အတွက် တိုက်ရိုက်ထောက်ပံ့ရန်ပုံငွေ ယူရိုသန်း (၇၀)နှင့် ဖြည့်စွက်ရန်ပုံငွေ ယူရို (၄၂)သန်း၊ စုစုပေါင်း ယူရို (၁၁၂)သန်းဖြင့် MS-NPAN နှင့် ADS ၏ လုပ်ငန်း စဉ်များကို အထောက်အကူဖြစ်စေမည့် Nutrition Sector Reform Contract - NSRC ကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အကောင် အထည်ဖော်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊

• “ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအဆင့် အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ် စီမံကိန်း (Multi-sectoral national plan of action on nutrition) (၂၀၁၈-၂၀၂၃)”ကို ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ယင်းနောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် အိမ်သုံးဆားကို ပြည်သူများအတွက် လုံလောက်မှုရှိအောင် ပြည်တွင်း၌ (၂၀၁၈-၂၀၁၉) ခုနှစ်တွင် အိုင်အိုဒင်းဆားချော (၂၀၇,၃၂၄) တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များရှိဝန်ထမ်းများသည် ဆားတွင် အိုင်အိုဒင်းပါဝင်မှု သတ် မှတ်စံညွှန်း ပြည့်မီရေးအတွက် စနစ်တကျစစ်ဆေးခြင်းကို လစဉ် ကြီးကြပ်ဆောင် ရွက်လျက်ရှိ ပါကြောင်း၊

• အဆိုပါ အိမ်သုံးဆားများတွင် အိုင်အိုဒင်းဓာတ်ဖြည့်စွက်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးလုပ်ငန်းများတွင် အစွမ်းကုန် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီ၊ အဖွဲ့ဝင်ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် -

• ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အရည်အသွေးပြည့်ဝသည့် ပညာရေးကို ရရှိနိုင်ရေးနှင့် သင်ယူတတ်မြောက်မှုမြင့်မားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အာဟာရ ဖွံ့ဖြိုးမှုသည် ကျောင်းနေအရွယ် ကလေးငယ်များ ၏ ကာယပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု သာမက ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် လွန်စွာအရေးကြီးသဖြင့် ကလေးငယ်များ ပညာသင်ကြားနိုင်မှု အခြေအနေနှင့် ပညာရေးကဏ္ဍတို့နှင့် တိုက်ရိုက်သက်ဆိုင်လျက် ရှိပါကြောင်း၊

 

• တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၉.၇)သန်း ဦးခန့်ရှိသော ကျောင်းသား/သူများ အာဟာရ ဆိုင်ရာ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်နှင့် ဒေသထွက်စားသောက်ကုန်များဖြင့် အာဟာရပြည့်ဝစွာစားသောက်နိုင်ရန်အတွက် “ဘဝတစ်သက်တာ သိမှတ်ဖွယ်ရာ”တွင် ထည့်သွင်းသင်ကြားခြင်း၊ ကျောင်းအခြေပြု ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ကာယလေ့ကျင့်မှု သင်ခန်းစာများကို ကျောင်းသင်ရိုးတွင် ထည့်သွင်းခြင်း၊ ကျောင်းကျန်းမာရေးလက်စွဲစာအုပ်တွင် ပါဝင်သော လုပ်ငန်းများဆောင်ရွက်ခြင်း စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာန၏ ကျောင်းစာသင်နှစ် ပြက္ခဒိန်တွင် ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်မှု လုပ်ငန်းများကို ထည့်သွင်းရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးလုပ်ငန်းများကို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးအပြီး ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း၏ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စီမံကိန်းရေးဆွဲခြင်းနှင့်ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များမှ အသီးသီး ရှင်းလင်း တင်ပြခဲ့ပါသည်။

 

     ထို့နောက် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးပြီးနောက် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပါသည်။

ယင်းနောက် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအာဟာရ ဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့်ဦးဆောင်ကော်မတီ ဉက္ကဌနှင့် အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများမှ လမ်းညွှန်မှုပြုခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံအာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီဉက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်များ၊ ဆက်စပ်ဝန်ကြီး ဌာနများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

More Tags