မြန်မာနိုင်ငံ လူနေမှုဘဝနှင့်ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၁၅−၁၆) ပင်မအစီရင်ခံစာ ထုတ်ပြန်ဆွေးနွေးပွဲကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံလူနေမှုဘဝနှင့်ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်း (၂၀၁၅-၂၀၁၆) ပင်မအစီရင်ခံစာ ထုတ်ပြန်ဆွေးနွေးပွဲကို မတ်လ(၂၃)ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှူးများအနေဖြင့် မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း ပင်မအစီရင်ခံစာကို အသုံးပြု၍ မူဝါဒများ၊ စီမံချက်များရေးဆွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ evidence base data များကို အသုံးပြု ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များပါဝင်သည့်အတွက် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အကျိုး သက်ရောက်မှုနှင့် ရလဒ်များကိုထင်ဟပ်စေပြီး များစွာအသုံးဝင်သည့်အစီရင်ခံစာ တစ်စောင်လည်း ဖြစ်ပါ ကြောင်း၊ ပိုမိုအဏုစိတ် လေ့လာဆန်းစစ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည့်အတွက် စီမံချက်များအနေဖြင့် သော်လည်းကောင်း၊ ဘွဲ့လွန်ကျောင်းသားများအတွက်သော်လည်းကောင်း တန်ဖိုးမဖြတ်နိုင်သော အစီရင်ခံစာတစ်ခုဖြစ်ပါကြောင်း၊

ယခုစစ်တမ်းသည် (၅)နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိသည်အတိုင်း မိမိတို့မြန်မာနိုင်ငံသည်လည်း နောင်(၅)နှစ်အကြာတွင် ဒုတိယအကြိမ် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ယခုစစ်တမ်းကို DHS စစ်တမ်း ကောက်ယူပြီးခဲ့သည့် နိုင်ငံအများစုနှင့်လည်းနှိုင်းယှဉ်အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် USAID Mission Director Teresa McGhie နှင့် 3MDGs Fund Manager Oren Ginzburg တို့က အမှာစကားများ ပြောကြားကြသည်။ထို့နောက် အစီရင်ခံစာနှင့် ပတ်သက်သည့် ဗီဒီယိုကို ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲ တက်ရောက်လာသူ များနှင့်အတူ အမှတ်တရ ဓါတ်ပုံ ရိုက်ကူးခဲ့သည်။

 

ကျန်းမာရေးစစ်တမ်းကောက်ယူချက်များအရ အိမ်ထောင်စုအခြေအနေများနှင့် အိမ်ထောင်စု လူဦးရေ၊ ဖြေဆိုသူ၏ နောက်ခံအချက်အလက်၊ အိမ်ထောင်ပြုခြင်းနှင့် လိင်မှုဆိုင်ရာကိစ္စရပ်များ၊ မွေးဖွားနှုန်း၊ မွေးဖွားခြင်းအတွက် သား၊ သမီး ဦးစားပေးရယူလိုခြင်းများ၊ မိခင်နှင့်ကလေးသေဆုံးမှု အစရှိသော အရေးကြီးသည့် လူဦးရေဆိုင်ရာအကြောင်းအရာများ၊ မျိုးဆက်ပွားကျန်းမာရေး၊ ကိုယ်ဝန် ဆောင်နှင့်မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေးနှင့် အာဟာရအခြေအနေ၊ ငှက်ဖျားရောဂါ၊ HIV ၊ AIDS နှင့် ပတ်သက်သည့် အသိပညာဗဟုသုတတို့အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အကြောင်းအရာများ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ကလေးသူငယ် ပြုစု ပျိုးထောင်ခြင်းဆိုင်ရာကိစ္စရပ်များကဲ့သို့ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

အညွှန်းကိန်းအများစုကိုလည်း မြို့ပေါ်နှင့် ကျေးလက်ဒေသ၊ ပြည်နယ်၊ တိုင်းဒေသကြီး စာတတ်မြောက်မှုအခြေအနေ၊ ကြွယ်ဝမှုအခြေအနေများအလိုက် တွက်ချက်ထားခြင်းဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာအချက်အလက်များကို အသေးစိတ်သိရှိနိုင်မည် ဖြစ်သည်။

 

မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက် စစ်တမ်း ကောက်ယူရာ၌ USAID နှင့် 3MDGs တို့မှ ရန်ပုံငွေအကူအညီနှင့် ICF International မှ နည်းပညာအကူအညီရယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာနှင့် ပတ်သက်၍ Topical seminar များကိုလည်း ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း Dissemination Workshop များကို မေလအတွင်း ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသ ကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှူးများ၊ နှီးနွယ်ဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ USAID, 3MDGs, ICF International နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

More Tags