မြန်မာနိုင်ငံ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ်အဖွဲ့မှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the opening ceremony of 4th International Conference of Endoscopic Surgical Society (Myanmar)

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Novotel Hotel Max၊ ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ်အဖွဲ့ (Endoscopic Surgical Society, Myanmar) မှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ပါသည်။

 


 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ကမ္ဘာတစ်ဝန်းတွင် ခွဲစိတ်ကုသမှုပညာရပ်နယ်ပယ်နှင့် ခွဲစိတ်ကုသမှုပစ္စည်းကိရိယာများသည် လျင်မြန်စွာ ဆန်းသစ်တိုးတက်လျက်ရှိရာ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ တိုးတက်မှုများနှင့် မျက်ခြေမပြတ်စေရန်အတွက် ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ ညီလာခံများ ကျင်းပနိုင်ခြင်းသည် ကောင်းမွန်ပါကြောင်း၊

• ယခုကဲ့သို့ညီလာခံမျိုးတွင် ပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၊ တိုးတက်ဖြစ်ထွန်းမှုများ၊ နိုင်ငံတကာမှ အတွေ့အကြုံများကို ပညာရှင်ကြီးများမှ ဝေမျှဆွေးနွေးကြခြင်းဖြင့် မြန်မာနိုင်ငံမှ ဆေးပညာရှင်များ၊ အထူးသဖြင့် မျိုးဆက်သစ်ဆေးပညာရှင်များအတွက် များစွာအကျိုးရှိစေမည်ဖြစ်ပြီး ထိုမှတဆင့် အဆိုပါဆေးပညာရှင်များ ကုသမှုပေးမည့် ပြည်သူများအတွက်လည်း များစွာ အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊

• ထို့အပြင် ညီလာခံသို့တက်ရောက်သော နိုင်ငံတကာမှ ဆေးပညာရှင်အဖွဲ့များအကြားတွင်လည်းကောင်း၊ ပညာရှင်တစ်ဦးချင်းအကြားတွင်လည်းကောင်း ကွန်ရက်သဖွယ်ချိတ်ဆက်မှု ကိုလည်း ကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊


 

• လွန်ခဲ့သောနှစ်များအတွင်း ကမ္ဘာပေါ်တွင် အလွန်ကြည်လင်ပြတ်သားစွာ ကြည့်ရှုရိုက်ကူးနိုင်သော ဗီဒီယိုကင်မရာများ၊ အသိဉာဏ်တု (artificial intelligence) များ၊ 5 G ဆက်သွယ်ရေး ကွန်ရက်၊ ခေတ်မီသော ကွန်ပြူတာဆော့ဝဲလ်များ ဖြစ်ထွန်းပေါ်ပေါက်လာမှုကြောင့် မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ်သည်လည်း တဟုန်တိုး ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ကို တွေ့ရှိရ ပါကြောင်း၊

• မြန်မာနိုင်ငံတွင်လည်း မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ်သည် အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ နိုင်ငံတကာနှင့် ချိတ်ဆက်၍ ဆေးပညာကဏ္ဍ နယ်ပယ်အသီးသီးတိုးတက်စေရေး ဆောင်ရွက်နေမှုများကို အားပေးဆောင်ရွက်လျက်ရှိပြီး၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတကာ တက္ကသိုလ်များသို့ အင်တာနက်ကွန်ရက်မှ ချိတ်ဆက်၍ ပညာတော်သင်သွားရောက်ခြင်းများကိုလည်း ခွင့်ပြုစေလွှတ်လျက်ရှိပါကြောင်း၊


 

• တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၏ အခြေခံခွဲစိတ်ကုသမှုဆိုင်ရာ စွမ်းဆောင်ရည်နှင့် အခြေခံမေ့ဆေးပညာစွမ်းဆောင်ရည် မြင့်မားရေးအတွက်ကိုလည်း သက်ဆိုင်ရာ ပညာရပ် ပါမောက္ခများ၊ ပညာရှင်ကြီးများအစုအဖွဲ့မှ ဆက်လက်ဆောင်ရွက်ပေးစေလိုပါကြောင်း၊

• ထို့အပြင် မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများမှ သူနာပြုများ၊ ခွဲစိတ်ကုသမှုအထောက်အကူပြုပညာရှင်များ၏ စွမ်းရည်များ တိုးတက်မြင့်မားရေးကိစ္စရပ်များကိုလည်း ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုပါကြောင်း၊

• ယခုညီလာခံကြီးတွင် ဆွေးနွေးမည့် အကြောင်းအရာခေါင်းစဉ်များသည် ကောင်းမွန်ပြီး အဆိုပါ အကြောင်းအရာများ ဆွေးနွေးမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆရာဝန် များထံသို့လည်း မျှဝေပေးစေလိုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပညာရပ်ဆိုင်ရာ နှီးနှောဆွေးနွေးပွဲများ၊ ညီလာခံငယ်များကိုလည်း ပြုလုပ်သွားစေလိုပါကြောင်း၊


 

• နိုင်ငံတကာမှ ဆေးပညာရှင်များကို ဖိတ်ခေါ်၍ ဆေးကုသမှုလုပ်ငန်းများ ပူးတွဲဆောင်ရွက်ခြင်းများကိုလည်း ပိုမိုဆောင်ရွက်စေလိုပါကြောင်း၊

• ပညာရပ်နယ်ပယ် ပိုမိုတိုးတက်မြင့်မားရေးအတွက် ယခုညီလာခံတွင် ဆွေးနွေးပြောကြားသည့် နိုင်ငံတကာပညာရှင်များ၏ အတွေ့အကြုံများကို အခြေခံ၍ မိမိတို့နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်အခြေအနေ၊ စက်ပစ္စည်းနှင့် ဘဏ္ဍာရေးအခြေအနေ စသည့် အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစွာဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော မူဘောင်နှင့် လမ်းပြမြေပုံ များ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာကိစ္စရပ်များကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှုဆိုင်ရာကိစ္စရပ်များသည် လူနာတစ်ဦး၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်းမှ စတင်၍ ရောဂါရှာဖွေခြင်း၊ ကုသမှုပေးခြင်း၊ ကုသမှုပေးပြီးနောက် ပြန်လည်သန်စွမ်းရေး ဆောင်ရွက်ခြင်း စသည်ဖြင့် ကြီးမားကျယ်ပြန့်ပြီး ပညာရပ်ပေါင်းစုံမှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊


 

• ဝန်ကြီးဌာနအနေဖြင့် ဆေးပညာဘာသာရပ်အသီးသီးတွင် အငြိမ်းစားဆေးပညာရှင်ကြီးများ၊ ပါမောက္ခများ ပါဝင်သည့် အဖွဲ့များဖွဲ့စည်း၍ ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေး၊ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေးနှင့်ခွဲစိတ်ကုပညာ အပါအဝင် ဆေးပညာဘာသာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကြံဉာဏ်များ ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုကဲ့သို့ ညီလာခံကြီး ကျင်းပနိုင်ရေးဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုညီလာခံကြီးမှ တစ်ဆင့် မြန်မာနိုင်ငံမှ ဆရာဝန်များ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ်ဆိုင်ရာ ဗဟုသုတ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ နည်းပညာနှင့် နည်းစနစ်များ၊ နိုင်ငံတကာမှ အတွေ့အကြုံများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ်အပါအဝင် ဆေးပညာဘာသာရပ်များအားလုံး ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေး အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြနှင့် မြန်မာနိုင်ငံ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ်အဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသိန်းမြင့်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီးပြောကြားခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနားအထိမ်းအမှတ် ဆေးနှင့် ဆေးပစ္စည်းပြခန်းငယ်များကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

     အဆိုပါ ညီလာခံသို့ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ဆေးပညာရှင်များနှင့် ပြည်တွင်းရှိ ခွဲစိတ်ပညာဘာသာရပ်အသီးသီးမှ ပါမောက္ခကြီးများနှင့် ပညာရှင်များ တက်ရောက်လျက်ရှိပါသည်။

More Tags