မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe delivers a speech at the launching ceremony of world breastfeeding week and nutrition promotion month (2019) by Myanmar Maternal and Child Welfare Association

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၃) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ နေပြည်တော်၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 


 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• နိုင်ငံ၏ အနာဂတ်များဖြစ်သော ကလေးငယ်များနှင့် ကလေးမိခင်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

• ယနေ့ကျင်းပသည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှုသည် ယခု သြဂုတ်လ တစ်လတည်းအတွက်သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ တစ်နှစ်ပတ်လုံး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ယခု (၂၀၁၉) ခုနှစ်၊ ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု၏ ဆောင်ပုဒ်ဖြစ်သော “အာဟာရတွင် မြှုပ်နှံကာ လက်တွဲတူညီ ဆောင်ရွက်ပါ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာ (Invest in Nutrition: Joins hand in building the Nation)” နှင့်အညီ အားလုံးလက်တွဲ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊


 

• ဘက်စုံအာဟာရပြည့်ဝမှုသည် လူတစ်ဦးချင်းစီ၏ ကိုယ်ခန္ဓာ၊ ဦးနှောက်နှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှုတို့အတွက် အလွန်အရေးကြီးပါကြောင်း၊ (၂၀၁၅) ခုနှစ်တွင် ကောက်ယူခဲ့သည့် မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာ ရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၁၅-၂၀၁၆) (Myanmar Demographic and Health Survey) တွေ့ရှိချက်များအရ မွေးစမှ (၆)လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးမှုနှုန်းမှာ (၅၁.၂)% သာ ရှိနေပါကြောင်း၊

• မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေးစစ်တမ်း (၂၀၁၇-၂၀၁၈) (Myanmar Micronutrient and Food Consumption Survey) တွေ့ရှိချက်များအရ မြန်မာနိုင်ငံရှိ (၅) နှစ်အောက် ကလေးများတွင် ကာလတာရှည်အာဟာရ ချို့တဲ့မှုကြောင့် ပုညှက်ခြင်းမှာ (၂၆.၇) %၊ လတ်တလော အာဟာရချို့တဲ့မှုကြောင့် ပိန်လှီခြင်းမှာ (၆.၇)%၊ ကိုယ်အလေးချိန်နည်းခြင်းမှာ (၁၉.၁)% နှင့် သွေးအားနည်းခြင်းမှာ (၃၅.၆)%၊ ကိုယ်ဝန်ဆောင်မိခင်များတွင် သွေးအားနည်းခြင်း (၄၀)% ရှိနေပါကြောင်း၊

• ထို့အပြင် အိုင်အိုဒင်းဆားစားသုံးသော အိမ်ထောင်စုရာနှုန်း (၈၅)% ရှိသော်လည်း စံမီအိုင်အိုဒင်းဆားစားသုံးရသော အိမ်ထောင်စုရာနှုန်းမှာ (၃၅.၆)% သာ ရှိပါကြောင်း၊

• စစ်တမ်းတွေ့ရှိချက်များအရ တိုင်းဒေသကြီး/ ပြည်နယ် အချို့တွင် အာဟာရအခြေအနေကောင်းမွန်သော်လည်း အချို့တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင်မှု သွေးအားနည်းခြင်းအပါအဝင် အာဟာရပြဿနာ များ ဖြစ်ပွားနေသည်ကို တွေ့ရှိရပါကြောင်း၊

• အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊


 

• (၂၀၁၇) ခုနှစ်၊ ဇန်နဝါရီလတွင် ပခုက္ကူမြို့၌ ကျင်းပခဲ့သည့် အမျိုးသား အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာနှင့်ပတ်သက်၍ နှီးနွယ်ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ အဓိကတာဝန်ယူ၍ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အပါအဝင် နှီးနွှယ်ဝန်ကြီးဌာနများမှ ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါကြောင်း၊

• အာဟာရ ချို့တဲ့ရခြင်း၏ အကြောင်းရင်းခံများအနက် စားနပ်ရိက္ခာ ဖူလုံမှု မရှိခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း၊ ငွေကြေးတတ်နိုင်သော်လည်း အစာအုပ်စု စုံလင်မျှတစွာ မစားသုံးခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများကို မသိရှိခြင်း၊ မိခင်နို့စနစ်တကျတိုက်ကျွေးမှု မရှိခြင်း၊ အစားအသောက်များ၏ အာဟာရဓာတ်ပါဝင်မှုကို မသိရှိခြင်း၊ သားဆက်ခြား နည်းလမ်းများ သုံးစွဲမှုအားနည်းခြင်း၊ ကျန်းမာရေး စာတတ်မြောက်မှု အားနည်းခြင်းစသည့် အချက်များပါဝင်ပါကြောင်း၊

• မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအနေဖြင့် ပြည်သူများဒေသထွက် စားသောက်ကုန်များဖြင့် အာဟာရပြည့်ဝစွာ စားသုံးရန်၊ မိခင်နို့စနစ်တကျတိုက်ကျွေးရန်၊ ကလေးငယ်များ အတွက် ရောဂါကာကွယ်ဆေးများအား အကြိမ်ရည်ပြည့် ထိုးနှံမှု ခံယူစေရန်တို့နှင့် ပတ်သက်၍ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆေးခန်းများတွင် ကျန်းမာရေးအသိပညာပေးခြင်းကို ကူညီလုပ်ဆောင်သွားစေ လိုပါကြောင်း၊ အထူးသဖြင့် သွားလာရခက်ခဲသော ဒေသများနှင့် ကျေးလက်တောရွာများတွင် ကျန်းမာရေးစကားဝိုင်းငယ်များပြုလုပ်ခြင်းတို့ကို အလေးထားဆောင်ရွက်သွားစေလိုပါကြောင်း၊

• ပြည်သူများ အာဟာရဖွံ့ဖြိုးမှု၏ လတ်တလောနှင့် ရေရှည်အကျိုးကျေးဇူးများ၊ အာဟာရနှင့်ပတ်သက်သော ကျန်းမာရေးအသိပညာများ ကြွယ်ဝစေရေးနှင့် အဆိုပါ အသိပညာဗဟုသုတများကို လက်တွေ့ဘဝ တွင် နေ့စဉ် ကျင့်သုံးနိုင်ရေးတို့အတွက် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေးခြင်းလုပ်ငန်းများ (Behavior Change Communication) ကိုလည်း ဆောင်ရွက်သွားစေလိုပါကြောင်း၊


 

• တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၉.၇) သန်းခန့်ရှိသော ကျောင်းသားလူငယ်ထုကြီး အာဟာရပြည့်ဝဖွံ့ဖြိုးကာ ပိုမိုကျန်းမာလာစေရေးအပါအဝင် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကိုကျင်းပခဲ့ပြီး လုပ်ငန်းစဉ် (၇) ရပ်ကိုချမှတ်လုပ်ဆောင်လျက်ရှိရာ အသင်းကြီးအနေဖြင့် အဆိုပါ လုပ်ငန်းစဉ်များတွင်လည်း ဝန်ကြီးဌာနနှင့် အတူတကွလက်တွဲ၍ ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊

• အသင်းကြီး၏ လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာန အကြီးအကဲများ၊ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်စေလိုပါကြောင်း၊

• အသင်းကြီးမှ အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှုအခြေအနေများကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ မူဘောင်များချမှတ်ရေးဆွဲခြင်းနှင့် ဦးစားပေးလုပ်ငန်းစဉ်များ သတ်မှတ်ခြင်းတို့ဖြင့် ပြည်သူများအတွက် သိသာမြင်သာသည့် အကျိုးရလဒ်ကောင်းများရရှိစေမည့် လုပ်ငန်းများကို ဆောင်ရွက်သွားစေလိုပါကြောင်း၊

• အသင်း၏ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် အသင်းဝင်များဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်များကို စုစည်း၍ စာအုပ်တစ်ခုပြုလုပ်ကာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အသင်းခွဲများအပါအဝင် အသင်းဝင်များအားလုံး သိရှိဆောင်ရွက်နိုင်ရန် ဖြန့်ဝေသွားစေလိုပါကြောင်း၊

• ထိုသို့ ပြုစုရာတွင်လည်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပညာရှင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်မှုပိုင်းဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အသင်းကြီး၏ လုပ်ဆောင်ချက်များ ထူးချွန်ပြောင်မြောက် ပီပြင်လာသည်နှင့်အမျှ မြန်မာနိုင်ငံရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာရေးအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆား၊ ကိုယ်ဝန်ဆောင်အားဆေးနှင့် အနှီးပိတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။


 

   အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။


 

 


 

 


 

More Tags