မြန်မာနိုင်ငံတွင် အသည်းအစားထိုးခွဲစိတ်ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် Kyushu University Hospital မှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီး Professor Dr. Tomoaki Taguchi၊ Japan Heart အဖွဲ့နှင့် တာဝန်ရှိသူများမှ ပြည်ထောင်စုဝန်ကြီးအား လာရောက်တင်ပြ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၄)၌ ဂျပန်နိုင်ငံ၊ Kyushu University Hospital မှ ကလေးခွဲစိတ် အထူးကုဆရာဝန်ကြီး Dr. Tomoaki Taguchi၊ ရန်ကုန်ကလေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး၊ ရန်ကုန် ကလေးရုံကြီး၊ ကလေးခွဲစိတ်ကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာအေးအေး၊ ရန်ကင်းကလေး ဆေးရုံကြီး၊ ကလေးခွဲစိတ်ကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာညိုညိုဝင်းနှင့် Japan Heart အဖွဲ့မှ ဒေါ်ကေခိုင်အောင်တို့က မြန်မာနိုင်ငံတွင် အသည်းအစားထိုးခွဲစိတ်ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လာရောက်ရှင်းလင်းတင်ပြမှုကို လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့ရှင်းလင်းတင်ပြရာတွင် -

• ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Japan Heart အဖွဲ့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားပြီး ဂျပန်နိုင်ငံမှ အထူးကုဆရာဝန်ကြီးများအား မြန်မာနိုင်ငံသို့ဖိတ်ကြားကာ သက်ဆိုင်ရာဒေသခံဆရာဝန် ကြီးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

• အသည်းနှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုမှု (hepatobiliary surgery) နှင့် အခြားခွဲစိတ် ကုသမှုများကို ပူးပေါင်းဆောင်ရွက်မှု (joint operation) အနေဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် (၂၀၁၆)ခုနှစ်မှ စတင်ကာ ခွဲစိတ်ကုသမှုများ (၄) ကြိမ်ဆောင်ရွက်ခဲ့ကြောင်း၊

• မြန်မာနိုင်ငံရှိ ကလေးငယ်များတွင် မွေးကင်းစကလေး သည်းခြေပြွန်ကျဉ်းမြောင်းပိတ်ဆို့ရောဂါ (biliary atresia)၊

အသည်းကင်ဆာရောဂါ (hepatoblastoma) တို့ဖြစ်ပွားမှုများရှိပြီး အဆိုပါရောဂါများအတွက် အထိရောက်ဆုံးကုသမှုမှာ KASAI operation procedure နှင့် အသည်းအစားထိုး ခွဲစိတ်ကုသမှု (liver transplantation) တို့ဖြစ်ပါကြောင်း၊

• အသည်းအစားထိုးကုသမှုလုပ်ငန်းစဉ်များအတွက် ရှေ့ပြေးအနေဖြင့် Kyushu University Hospital သို့ ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ နှင့် သူနာပြုများသည် လေ့လာရေးခရီးစဉ် (study tour) (၂) ကြိမ် သွားရောက်ခဲ့ပါကြောင်း၊

 

• (၂၀၁၈) ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် မြန်မာနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သည့် ကလေးငယ်တစ်ဦးအား ဂျပန်နိုင်ငံ၊ Kyushu University Hospital ဆေးရုံကြီး၌ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီး Professor Dr. Tomoaki Taguchi ဦးဆောင်သော အဖွဲ့က အောင်မြင်စွာ အသည်းအစားထိုး ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ ခွဲစိတ်ကုသမှုကို ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အထူးကုဆေးရုံကြီး (ရန်ကုန်) - ခုတင် (၅၀၀) တို့မှ တာဝန်ရှိသူများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးပညာရှင်များနှင့် သူနာပြုများက သွားရောက်လေ့လာခဲ့ပါကြောင်း၊

• ယခုအခါ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အသည်းအစားထိုးခွဲစိတ် ကုသမှုမျိုးကို ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ စတင် လုပ်ဆောင်နိုင်ရန် အခြေအနေများရှိနေပြီဖြစ်သဖြင့် (၂၀၁၉) ခုနှစ်အတွင်း လုပ်ဆောင်သွားလိုပါကြောင်း တင်ပြခဲ့ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ မြန်မာနိုင်ငံ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဝန်ကြီးဌာနနှင့် ပူးပေါင်း ကူညီဆောင်ရွက်လျက်ရှိသော ဂျပန်နိုင်ငံမှ အထူးကုဆရာဝန်ကြီးများနှင့် အဖွဲ့၊ Japan Heart အဖွဲ့တို့ကို ကျေးဇူးတင်ရှိကြောင်း၊

• မွေးကင်းစကလေး သည်းခြေပြွန်ကျဉ်းမြောင်းပိတ်ဆို့ရောဂါ (biliary atresia)ကို စောစီးစွာသိရှိနိုင်ရန် အတွက် ရောဂါလက္ခဏာများအား မြို့နယ်/တိုက်နယ် ဆရာဝန်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများထံ ဖြန့်ဝေမည့် mobile tablet များတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊

 

• ဂျပန်နိုင်ငံ၊ Kyushu University Hospital နှင့် ကုသမှုလုပ်ငန်းများတွင်သာမကဘဲ သုတေသနလုပ်ငန်းများတွင် ပါပူးပေါင်း၍ multi centric research, clinical trial များ ပြုလုပ်သွားလိုကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် ဆေးပညာဘာသာရပ်များ ဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လုပ်ငန်းများဆောင်ရွက်ရန် အတတ်နိုင်ဆုံးပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ Japan Heart အဖွဲ့မှ Ms. Tomoko Kono နှင့် တာဝန်ရှိသူ များတက်ရောက်ခဲ့ပါသည်။

More Tags