မြန်မာနိုင်ငံတွင် “ခွေးကိုက်ခံရသည့် လူနာများအား ကုသရေးဌာန (Dog Bite Center) များ” ဖွင့်လှစ်တော့မည်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဧပြီလ (၂၂)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည့် “ခွေးကိုက်ခံရသည့် လူနာများအား ကုသရေးဌာန (Dog Bite Center) များ” ဖွင့်လှစ်နိုင်ရေး ရှင်းလင်းတင်ပြမှု အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က -

• မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရသူ အရေအတွက်မှာ တစ်စထက်တစ်စ များပြားလျက်ရှိရာ ရရှိထားသော စာရင်းဇယားများအရ (၂၀၁၈)ခုနှစ်တွင် (၁၉၀၀၀၀) ဦးကျော် ရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ နှစ်အလိုက် ခွေးရူးပြန်ရောဂါကာကွယ်ဆေး (anti rabies vaccine) နှင့် ခွေးရူးပြန်ရောဂါကုသမှု ပဋိပစ္စည်း (rabies immunoglobulin) များအား ဝယ်ယူလျက်ရှိရာ (၂၀၁၈-၂၀၁၉) ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်ငွေ (၅.၄) ဘီလီယံခန့် သုံးစွဲဝယ်ယူခဲ့ပါကြောင်း၊

• ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးခဲ့မှုများကြောင့် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ သိသာစွာ ကျဆင်းလာခဲ့ပါကြောင်း၊

• ခွေးကိုက်ခံရသည့် လူနာများကို ပိုမိုစနစ်ကျစွာဖြင့် အထူးသဖြင့် ဆေးအလေအလွင့်နည်းပါးစွာ ကုသမှုပေးနိုင်ရန် Dog Bite Center များ ဖွင့်လှစ်နိုင်ရေးအတွက် ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် အစည်းအဝေးကျင်းပခြင်း၊ မတ်လအတွင်း သီရီလင်္ကာနိုင်ငံတွင် Dog Bite Center ဖွင့်လှစ်ဆောင်ရွက်နေမှုအား သွားရောက်လေ့လာခြင်းနှင့် မြန်မာနိုင်ငံရှိဆေးရုံများ သို့လည်း ကွင်းဆင်းသွားရောက် လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊

 

• ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ကြွက်သားထဲသို့ထိုးနှံခြင်း (intramuscular) အစား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသည့် အကျိုးထိရောက်မှု တန်းတူဖြစ်ပြီး ဆေးဝါးကုန်ကျမှု ထက်ဝက်သက်သာသော အရေပြားထဲသို့ ထိုးနှံခြင်း (intradermal) ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• ခွေးရူးပြန်ရောဂါဆိုင်ရာ ဘက်စုံခြုံငုံသုံးသပ်မှုများ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခွေးရူးပြန်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့ထံမှ အကြံဉာဏ်များကိုလည်း ရယူသွားမည် ဖြစ်ပါကြောင်း၊

• Dog Bite Center များ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် နေရာ၊ ဝန်ထမ်းအင်အား၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိန်းသိမ်းထားရန် ရေခဲသေတ္တာတို့ကို အသင့်ပြင်ဆင်ပြီး ဝန်ထမ်းများအား မွမ်းမံသင်ကြားမှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသော ခွေးရူးပြန်ရောဂါ ကာကွယ်နှိမ်နင်းရေးလမ်းညွှန်စာအုပ်များနှင့် ပညာပေး စာစောင်များ၊ ခွေးရူးပြန်ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးအတွက် ကျွမ်းကျင်မှုဆိုင်ရာ နည်းပညာလုပ်ငန်း အဖွဲ့တစ်ခုဖွဲ့စည်းရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများကို ဘက်စုံဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးအကြံပြုချက်များအပေါ် လမ်းညွှန်မှာကြားခဲ့ရာတွင်-

• ယခုကဲ့သို့ ခွေးကိုက်ခံရသည့် လူနာများအား ပြုစုကုသရေးဌာန (Dog Bite Center) များ ဖွင့်လှစ်ခြင်းဖြင့် လူနာများအား ပိုမိုစနစ်ကျ ထိရောက်စွာကုသမှုပေးနိုင်မည်ဖြစ်ပြီး ဆေးအလေ အလွင့်ဖြစ်မှုကိုလည်း များစွာလျှော့ချနိုင်မည်ဖြစ်ကာ နိုင်ငံတော်၏ ဘဏ္ဍာငွေများကိုလည်း ပိုမိုအကျိုးရှိ ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• Dog Bite Center များကို ရန်ကုန်တိုင်းဒေသကြီးတင်သာမက မန္တလေးတိုင်းဒေသကြီးတွင်ပါ အမြန်ဆုံး စတင်ဖွင့်လှစ်ရမည်ဖြစ်ပြီး အခြားလိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင်ပါ ထပ်မံ၍ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊

• အဆိုပါ Dog Bite Center များတွင် လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဆန်းစစ်မှုများ စဉ်ဆက် မပြတ်ပြုလုပ်ကာ အားနည်းချက်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

• Dog Bite Center များဖွင့်လှစ်သည့်အခါ ပြည်သူအများသိရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနိုင်ရန်အတွက် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများ စသည့်တို့မှ အသိပေး ကြေညာရမည် ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသော ခွေးရူးပြန်ရောဂါ ကာကွယ် နှိမ်နင်းရေးလမ်းညွှန်စာအုပ်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၁၈) ခုနှစ်တွင် ထုတ်ဝေခဲ့သော WHO technical report series မှ WHO expert consultation on Rabies နှင့် ကိုက်ညီပြီး ခေတ်နှင့် အညီဖြစ်စေရန်အတွက် အမြန်ဆုံးမွမ်းမံထုတ်ဝေသွားရမည် ဖြစ်ပါကြောင်း၊

• မှတ်တမ်းများ၊ စာရင်းဇယားများကိုလည်း ခေတ်မီ ကွန်ပျူတာစနစ်ကို အသုံးပြု၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• Dog Bite Center များ အမြန်ဆုံးဖွင့်လှစ်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags