မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာလ (၁၇)ရက်၊ နေ့လယ်ပိုင်းအချိန်တွင် နှစ်နိုင်ငံကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက်လာရောက်တွေ့ဆုံသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် အဖွဲ့အား ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

 
 
 

     ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် Deputy Mission Director (USAID) Ms. Pamela Fessenden တို့က -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ -

- ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မူးယစ်ဆေးဝါးသုံးစွဲမှု နှင့် ဆက်စပ်သော (HIV/ AIDS) ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းပပျောက်စေရန် မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် ကုသရေးကိစ္စရပ်များ၊

- (HIV) ရောဂါပိုးရှိသူများ အချိန်တိုအတွင်း ART ဆေးဝါးဖြင့် ကုသမှုခံယူနိုင်ကြရန်နှင့် ရေရှည် ဆက်လက်ကုသမှုခံယူကြရန် ကူညီပံ့ပိုး ဆောင်ရွက်မည့်လုပ်ငန်းများ၊

- ခုခံကျ (HIV) ရောဂါပိုးရှိသူ အမျိုးသမီးများ ပိုမိုဆေးကုသမှုခံယူလာစေရန် လုပ်ငန်းကိစ္စရပ်များဆောင်ရွက်သွားလိုကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

• မြန်မာနိုင်ငံ လူထုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ(Community Development Program) အတွက် အမေရိကန် ဒေါ်လာ သန်း (၅၀) လျာထားပြီး အဆိုပါ အစီအစဉ်များတွင် ကျန်းမာရေးကဏ္ဍလုပ်ငန်းများ ထည့်သွင်း ဆောင်ရွက်လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• (HIV/ AIDS) ရောဂါ ကူးစက်ဖြစ်ပွားမှုသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော ကျန်းမာရေးပြဿနာဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် (HIV/ AIDS) ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း၊ ရွေ့လျားဆေးခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အမေရိကန်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

      အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ Political Officer Ms. Jessica Warder နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags