မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီးအား ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံ

Union Minister Dr. Myint Htwe receives the Norwegian Ambassador to Myanmar

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinns အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီးက နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် ထောက်ပံ့မှုများနှင့် ပတ်သက်သော ကိစ္စရပ်များ၊ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးအတွက် ကူညီထောက်ပံ့လိုသော ကိစ္စရပ်များနှင့် ပတ်သက်၍ -

• စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးတွင် သားဖွားမီးယပ်နှင့် ကလေးလူနာဆောင် (၂) ထပ်ဆောင်သစ်ဆောက်လုပ်သွားရန် ပုံစံရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊
• အဆိုပါ (၂) ထပ်ဆောင်သစ်ဆောက်လုပ်ရာတွင် နော်ဝေနိုင်ငံအနေဖြင့် ပံ့ပိုးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် အလှူရှင်များထပ်မံဖိတ်ခေါ်၍ ဆောင်ရွက်သွားစေလိုပါကြောင်း၊
• မိမိနှင့် အဖွဲ့ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ကွင်းဆင်းသွားရောက်လေ့လာခဲ့ရာတွင် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှူး၊ စစ်တွေဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၏ ကောင်းမွန်သည့် အပြုသဘော ပံ့ပိုးဆောင်ရွက်မှုများကို တွေ့ရှိခဲ့ပါကြောင်း နှင့်
• ထိုသို့ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ကွင်းဆင်းသွားရောက်လေ့လာခဲ့ရာတွင် တွေ့ရှိရသော အားသားချက်၊ အားနည်းချက်များနှင့် ပတ်သက်၍ အကြံပြုပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• သားဖွားမီးယပ်နှင့် ကလေးလူနာဆောင် (၂) ထပ်ဆောင်သစ်ဆောက်လုပ်ခြင်း အပါအဝင် စစ်တွေအထွေထွေရောဂါကုဆေးရုံကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဉီးဆောင်ပြီး ကုသရေး၊ ပြည်သူ့ကျန်းမာရေး၊ ကျန်းမာရေးသတင်းအချက်အလက်၊ ကူးစက်ရောဂါနှိမ်နင်းရေးနှင့် အင်ဂျင်နီယာ စသည့်ပညာရှင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ အသေးစိတ်လိုအပ်ချက်များကိုဆန်းစစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• သားဖွားမီးယပ်နှင့် ကလေးလူနာဆောင် (၂) ထပ်ဆောင်သစ်ဆောက်လုပ်ပြီးစီးပါက ကိုယ်ဝန်ဆောင်များ၊ မီးယပ်လူနာများနှင့် ကလေးလူနာများကို ဆေးပညာကျင့်ဝတ်များနှင့် အညီခွဲခြားမှုမရှိဘဲ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊
• ယခုကဲ့သို့ ပံ့ပိုးကူညီမှုနှင့် အကြံပြုမှုများကို ကျေးဇူးတင်ရှိပါကြောင်း နှင့် လက်ရှိ ရှိနေသော အားနည်းချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောာက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဉီးစီးဌာန) ဒေါက်တာစိုးဉီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာကျော်ဇေယျနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

 

More Tags