မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီးမှ တိုက်ကွမ်ဒိုအားကစား ဂုဏ်ထူးဆောင် ခါးစည်းအနက်အဆင့် (Taekwondo Honorary Dan) ပေးအပ်ခြင်းကို ပြည်ထောင်စုဝန်ကြီးက လက်ခံ

Union Minister Dr. Myint Htwe receives Taekwondo Honorary Dan

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် Lotte Hotel၊ ရန်ကုန်၌ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး    H.E Mr. Lee Sang-hwa မှ တိုက်ကွမ်ဒိုအားကစား ဂုဏ်ထူးဆောင်ခါးစည်းအနက်အဆင့် (Taekwondo Honorary Dan) နှင့် ဂုဏ်ထူးဆောင်လက်မှတ် ပေးအပ်ခြင်းကိုလက်ခံရယူခဲ့ပါသည်။

     ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Lee Sang-hwa မှ ပြည်ထောင်စုဝန်ကြီး တိုက်ကွမ်ဒိုအားကစား ဂုဏ်ထူးဆောင်ခါးစည်းအနက်အဆင့် (Taekwondo Honorary Dan) ဝတ်စုံနှင့် ဂုဏ်ထူးဆောင်လက်မှတ်တို့ကို ပေးအပ်ခဲ့ပါသည်။


 

  ထို့နောက် အလုပ်သဘော နေ့လယ်စာစားပွဲတွင် ဆွေးနွေးပြောကြားမှုများပြုလုပ်ရာ၌ ထိုသို့ ဂုဏ်ထူးဆောင်ခါးစည်းအနက်အဆင့်ပေးအပ်ရခြင်းအကြောင်းအရင်းကို မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa က ရှင်းလင်းပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် တိုက်ကွမ်ဒိုအားကစား လေ့ကျင့်မှုများကို ပြည်သူများအကြား ပိုမိုသိရှိစေရန်နှင့် ပိုမိုလိုက်စားလေ့ကျင့်စေရေး ဆောင်ရွက်နေမှုများကို စိတ်အားထက်သန်စွာ ဆောင်ရွက်နေခြင်းအား အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံတွင်ပြည်သူများ အားကစားလေ့ကျင့်မှုများ ပိုမိုလုပ်ဆောင်စေရေး လုပ်ငန်းများကို တစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်လှုပ်ရှားဆောင်ရွက်နေသည်ကို သိရှိတွေ့မြင်ရပါကြောင်း၊

• ဆက်လက်၍လည်း ပြည်သူများအကြား အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူများအကြား တိုက်ကွမ်ဒိုအားကစား၏ အကျိုးကျေးဇူးများကို ပိုမိုသိရှိကာ လေ့ကျင့်ကြစေရေး ဆောင်ရွက်ပေးစေ လိုပါကြောင်း၊

• နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲကာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် -

• ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအကြား ကိုယ်လက်လှုပ်ရှားအားကစား ပိုမိုလေ့ကျင့် လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အားကစားလေ့ကျင့်ခြင်းဖြင့်သွေးတွင်းအဆီဓာတ်နှင့်သကြားဓာတ်ကိုကျဆင်းစေနိုင်သဖြင့်သွေးတိုးရောဂါနှင့်ဆီးချို၊သွေးချိုရောဂါ အပါအဝင် မကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ပါကြောင်း၊

• တိုက်ကွမ်ဒိုအားကစားလေ့ကျင့်ခြင်းဖြင့် - မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်မှုမြင့်မားခြင်း၊ မိမိကိုယ်ကို ကာကွယ်နိုင်ခြင်း၊ မိမိ၏ စွမ်းရည်ကို ယုံကြည်လေးစားမှုရှိခြင်း စသည့် အကျိုးကျေးဇူး အလေ့အကျင့်ကောင်းများ ရရှိပိုင်ဆိုင်နိုင်သကဲ့သို့ ကြွက်သား၊ အဆုတ်၊ နှလုံးနှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေခြင်း၊ စိတ်အာရုံစူးစိုက်နိုင်ခြင်း၊ ဦးနှောက်နှင့် ကိုယ်ခန္ဓာ ဟန်ချက်ညီ လုပ်ဆောင်မှုများ ကောင်းမွန် စေခြင်း အကျိုးကျေးဇူးများကိုပါရရှိနိုင်ပါကြောင်း၊

• ကျောင်းသား/သူ လူငယ်များ တိုက်ကွမ်ဒိုအားကစားကို စိတ်ပါဝင်စားပြီး သင်ကြား လေ့ကျင်နိုင်ရန် ကျောင်းများတွင် တိုက်ကွမ်ဒိုအားကစားသရုပ်ပြသ ကစားမှုများကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• ကိုရီးယားနိုင်ငံသည် တိုက်ကွမ်ဒိုအားကစားတွင်သာမက မြားပစ်အားကစားတွင်လည်း ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့် နိုင်ငံဖြစ်၍ မြန်မာနိုင်ငံ မြားပစ်အားကစားပိုမိုတိုးတက်ဖွံ့ဖြိုးရေးနှင့် အားကစား အောင်မြင်မှုများရရှိရေးကိုလည်း ပံ့ပိုးပေးစေလိုပါကြောင်း၊

• ထူးချွန်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာရေးတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်း၏ အခန်းကဏ္ဍမှာ အရေးကြီးဆုံးဖြစ်သဖြင့် သင်တန်းသား ရွေးချယ်ပုံ နည်းလမ်းနှင့် စံသတ်မှတ်ချက်များ၊ သင်ကြားပုံနည်းစနစ်များ၊ အားကစားကိုသာ အဓိက လေ့ကျင့်သင်ကြားပေးပြီး အားကစားနှင့်မသက်ဆိုင်သော အခြားဘာသာရပ်စာများကို တတ်နိုင်သမျှ လျှော့ချရေး၊ နည်းပြများ၏ အရည်အချင်းမြှင့်တင်ရေး၊ ထူးချွန်သောအားကစားသမားများ လေ့ကျင့်မွေးမြူနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ နည်းပြများနှင့် အားကစားသမားများပါဝင်သော ဆွေးနွေး နှီးနှောဖလှယ်ပွဲကြီးတစ်ခုကို အမြန်ဆုံးခေါ်ယူကျင်းပသွားမည် ဖြစ်ပါကြောင်း၊

• လာမည့် ဇန်နဝါရီ (၂၂) ရက်နေ့တွင်လည်း ရန်ကုန်မြို့၌ နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာရှင်များ၊ အားကစားအဖွဲ့ချုပ်များ တက်ရောက်မည့် “အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ” ကိုပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• အဆိုပါ ညီလာခံတွင်လည်း ကိုရီးယားနိုင်ငံ၊ Seoul University မှ ပညာရှင်များ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ကောင်းမွန်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

      ထို့နောက် Korea Foundation for International Healthcare (KOFIH) အဖွဲ့မှ ရခိုင်ပြည်နယ်တွင် (၂၀၂၂) ခုနှစ်မှ စတင်၍ “ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့် ဆောင်ရွက်ခြင်း” စီမံချက်လုပ်ငန်းများကို ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည့် လျာထားချက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက -

• ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ခြင်းလုပ်ငန်းများသည် ဒေသခံပြည်သူများအတွက် အကျိုးရှိမည့်လုပ်ငန်းများ ဖြစ်သည့် အတွက် သဘောတူကြိုဆိုပါကြောင်း၊

• မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် လုပ်ငန်းများ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

      အဆိုပါ အလုပ်သဘောနေ့လယ်စာစားပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags