မြန်မာဆေးဘက်ဆိုင်ရာဓါတ်ခွဲပညာရှင်အသင်း ဥက္ကဋ္ဌ နှင့်အလုပ်အမှုဆောင်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံ

Union Minister Dr. Myint Htwe receives the chairman of Myanmar Medical Technologist Association

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် (၁၇-၁၁-၂၀၁၉) ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် မြန်မာဆေးဘက်ဆိုင်ရာဓါတ်ခွဲပညာရှင် အသင်း (Myanmar Medical Technologist Association) ဥက္ကဋ္ဌဦးမောင်မောင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

 

     ထိုသို့တွေ့ဆုံပွဲ၌ မြန်မာဆေးဘက်ဆိုင်ရာဓါတ်ခွဲပညာရှင်အသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဓါတ်ခွဲစစ်ဆေးပေးသူ(ဒုတိယတန်း)၊ ဓါတ်ခွဲစစ်ဆေးသူ(ပထမတန်း)၊ ဆေးဘက်ဆိုင်ရာ ဓါတ်ခွဲနည်းပညာဒီပလိုမာသင်တန်း (သို့မဟုတ်) ဆေးဘက်ဆိုင်ရာဓါတ်ခွဲနည်းပညာတက္ကသိုလ် (သို့မဟုတ်) တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသည်တက္ကသိုလ်တို့မှ တက်ရောက်အောင်မြင်သူများကို မြန်မာနိုင်ငံဆေးကောင်စီနှင့်ပူးပေါင်းပြီး မှတ်ပုံတင်ပြုလုပ်၍ လိုင်စင် ထုတ်ပေးနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲလျက်ရှိပါကြောင်း၊

ထို့အပြင် မြန်မာဆေးဘက်ဆိုင်ရာဓါတ်ခွဲပညာကောင်စီတစ်ခု ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ကောင်စီဥပဒေမူကြမ်းတစ်ခုကို ရေးဆွဲထားပြီး ဝန်ကြီးဌာနသို့တင်ပြ၍ လမ်းညွှန်ချက်နှင့် အကြံပြုချက်များ ရယူလိုပါကြောင်း၊

ပုဂ္ဂလိကဆေးရုံအချိုတွင် ပြည်ပနိုင်ငံများမှ ဓါတ်ခွဲပညာရှင်များ လာရောက်လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး စိစစ်ကြီးကြပ်သည့် လုပ်ငန်းစဉ်တစ်ရပ် ရှိစေလိုပါကြောင်း၊

၂၀၂၂ ခုနှစ်တွင် မိမိတို့အသင်းအနေဖြင့် အာဆီယံဒေသဆိုင်ရာ ဓါတ်ခွဲပညာရှင်များ တက်ရောက်မည့် 19th ASEAN Association for Clinical Laboratory Sciences (AACLS) Conference နှင့် 18th Biennial General Meeting of AACLS တို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်အစီအစဉ်၊ အသင်းမှဆောင်ရွက်လျက်ရှိသော စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေး ဆောင်ရွက်နေမှုနှင့် အခြားအထွေထွေကိစ္စရပ် များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် -

• မြန်မာဆေးဘက်ဆိုင်ရာဓါတ်ခွဲပညာရှင်အသင်း ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင် အဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ မိမိအသင်းကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်နေသည်ကို သိရှိရ၍ ကျေနပ်ဝမ်းမြောက်ပါကြောင်း၊

• မိမိအနေဖြင့် ဆေးဘက်ဆိုင်ရာဓါတ်ခွဲပညာရှင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေး သောလုပ်ငန်းများတွင် ဒုတိယတန်းစား မဖြစ်စေချင်ပါကြောင်း၊ ဓါတ်ခွဲပညာရပ်သည် မှန်ကန်စွာရောဂါဖေါ်ထုတ်စစ်ဆေးနိုင်ရေးနှင့် ကုသရေးတို့အတွက် အလွန်အရေးကြီးပါကြောင်း၊

• မြန်မာဆေးဘက်ဆိုင်ရာဓါတ်ခွဲပညာကောင်စီဥပဒေမူကြမ်းကို ဝန်ကြီးဌာနသို့ အမြန်ဆုံး တင်ပြစေလိုပြီး မိမိတို့ဘက်မှ တတ်နိုင်သမျှ ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစိုးဦး၊ မြန်မာဆေးဘက်ဆိုင်ရာ ဓါတ်ခွဲပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးစောမေရှ၊ အတွင်းရေးမှူး ဒေါ်ကလျာထွန်း၊ တွဲဘက်အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေးမှူး ဒေါ်မီမီထွန်း၊ စာရင်းစစ်မှူး ဦးကြည်လှတို့ တက်ရောက်ကြပါသည်။

 

More Tags