မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကော်မတီ၏ (၁၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်။ အောက်တိုဘာ (၁၉) ရက်

     မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကော်မတီ၏(၁၁)ကြိမ်မြောက် အစည်းအဝေး (11th Myanmar Health Sector Coordinating Committee Meeting) ကို အောက်တိုဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေး၊ အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ်၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ USAID, US CDC, JICA ၊ World Bank ၊ ADB ၊ Save the Children ၊ NGOs ၊ INGOs နှင့် မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း(၇၇) ဦး တက်ရောက်ကြသည်။


 

     အစည်းအဝေးတွင် မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် ဤ M-HSCC အဖွဲ့ကြီး သက်တမ်းရလာသည်နှင့်အမျှ မိမိတို့အဖွဲ့အနေဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ပြန်လည်ဆန်းစစ်၍ ရှေ့ဆက်လက် ပိုမိုတိုးတက်အောင်မြင်မှုများရရှိစေရန် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊

     စီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် သင်တန်းများကို ထပ်ကာပေးနေခြင်းထက် လုပ်ငန်းများကို ကြီးကြပ်ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်းများ ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီမံချက် သတင်းအချက်အလက်များ တောင်းခံရာတွင်လည်း အမှန်တကယ် လိုအပ်သည့် အချက်များကိုသာတောင်းခံ၍ ရရှိလာသည့် အချက်များကိုလည်း ခွဲခြမ်းစိပ်ဖြာ သုံးသပ်ကာ ( Feedback) များ ပေးရမည်ဖြစ်ကြောင်း၊

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့်လည်း နိုင်ငံတော်နှင့် နိုင်ငံတကာမှ ရရှိသည့် ဘဏ္ဍာငွေများကို အလေအလွင့်မရှိ စနစ်တကျသုံးစွဲနိုင်ရန် ငွေကြေးနှင့်ပစ္စည်းများ သုံးစွဲမှုကို လိုက်လံကြည့်ရှုနိုင်မည့်စနစ် (Fund resource tracking system ) ကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊

     ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အခြေခံကျန်းမာရေးဝန်ထမ်းများ မွမ်းမံသင်တန်းနှင့် ပြည်သူများကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် ကျန်းမာရေးစံပြု သတင်းအချက်အလက်များစာအုပ်ကိုလည်း လာမည့် နိုဝင်ဘာလတွင် ဖြန့်ချိရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍကြီးတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။


 

     ထို့နောက် လူထုအခြေပြုစေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများနှင့်ပတ်သက်၍ မူဝါဒတစ်ရပ်ချမှတ်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်တန်း) ဒေါက်တာသူဇာချစ်တင်ကလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးလုံခြုံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်) ဒေါက်တာသန်းထွန်းအောင်ကလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

     ယင်းနောက် အမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁) ၏ Annual Operational Plan (2017-2018) ၊ ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဂျပန်နိုင်ငံအစိုးရနှင့် JICA အဖွဲ့မှ မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် ပံ့ပိုးဆောင်ရွက်မှုများ၊ M-HSCC အဖွဲ့ကြီး၏လုပ်ငန်းဆောင်ရွက်မှုအဖွဲ့များနှင့် ကျွမ်းကျင်မှုဆိုင်ရာ မဟာဗျူဟာအဖွဲ့များ၏ ပြင်ဆင်ဖွဲ့စည်းမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ UNOPS နှင့် Save the Children အဖွဲ့တို့မှ ကမ္ဘာ့ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် ရန်ပုံငွေရရှိရန်ဆောင်ရွက်ထားသည့် အခြေနေများ၊ လူထုအခြေပြုကျန်းမာရေးအဖွဲ့စည်းများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်မှု အစီရင်ခံစာအားလည်းကောင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

More Tags