မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း တည်ထောင်မှုအောင်မြင်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ မတ်လ (၁၁) ရက်နေ့

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မတ်လ(၁၁)ရက်နေ့ နံနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြိုနယ်၊ ပြည်လမ်းရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းဆိုင်ရာဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သော “မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း တည်ထောင်မှုအောင်မြင်ခြင်း အခမ်းအနား”သို့ တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုဖောင်ဒေးရှင်းတည်ထောင်မှုအတွက် အထူးပင် ဝမ်းမြောက်ပါကြောင်းနှင့် ဖောင်ဒေးရှင်းကြီး၏ ရည်ရွယ်ချက်(၄)ရပ်မှာ အလွန်ကောင်းမွန်ပြီး အထူးသဖြင့် အမှတ်(၁)ရည်ရွယ်ချက်ဖြစ်သည့် မြန်မာနိုင်ငံအတွင်း ကျောက်ကပ်ရောဂါဖြစ်ပွားမှုနှုန်းကို ပညာပေးခြင်းဖြင့် ကာကွယ်လျော့ချရန်ဆိုသည့်အချက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးစားပေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ပြည်သူလူထု၏ ကျန်းမာရေးအသိပညာကို မြှင့်တင်ပေးခြင်းဖြင့် အဖြစ်များပြီး ကာကွယ်နိုင်သည့် ရောဂါများဖြစ်ပွားခြင်းမှ လျော့ချပြီး နည်းပါးသည့် လူနာပမာဏကို အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပေးအပ်နိုင်ရေးဆိုသည့် အချက်နှင့် အလွန်ပင်လျော်ကန်သင့်မြတ်ပါကြောင်း၊


 

     ဖောင်ဒေးရှင်းအနေဖြင့် နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များအား မိမိတို့နေထိုင်ရာ ဒေသတွင်ပင် အလွယ်တကူ ကုန်ကျစရိတ်သက်သာစွာဖြင့် ကျောက်ကပ်သွေးသန့်စင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်း အလားတူ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်ကပ်အစားထိုး ကုသမှုလုပ်ငန်းများသည် လူနာများ၏ မျှော်မှန်းသက်တမ်းနှင့် ဘဝနေထိုင်မှု အရည်အသွေးကို တိုးတက် စေသည်ဖြစ်၍ အလွန်မွန်မြတ်သော လူ့အသက်ကို ကယ်တင်သည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ဖောင်ဒေးရှင်းအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျလုပ်ငန်းလမ်းညွှန်ထားရှိခြင်းအစရှိသည့် ကျွမ်းကျင် မှုဆိုင်ရာ ပူးပေါင်းမှုများကို ဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်ကြီးများနှင့် ကွန်ယက်သဖွယ် ဆောင်ရွက်သွားမည် ဆိုပါက များစွာကြိုဆိုပြီး လိုအပ်သည်များ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊

     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိဖောင်ဒေးရှင်း၏ ကျောက်ကပ်သွေးသန့်စင်ရာဌာနများမှ အကူအညီများလိုအပ်ပါကလည်း ပူးပေါင်းပံ့ပိုးကူညီပေးနိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်ဦးစီးမှူးများမှ ထောက်ပံ့ကူညီပေးကြမည်ဖြစ်ပါကြောင်း၊ ဖောင်ဒေးရှင်းလုပ်ငန်းများ ယခုထက်ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အလေအလွင့်နည်းပါးစေရန် လုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာ သုတေသန လုပ်ငန်းများဆောင်ရွက်မည်ဆိုပါကလည်း ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ ရန်ပုံငွေများလည်း ပံ့ပိုးနိုင်ရေးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ခြင်း၊ ကုသခြင်း၊ အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းရေး၊ အာနိသင်ထက်မြက်သော တိုင်းရင်းဆေးများကို ပြည်သူများ ဘေးထွက်ဆိုးကျိုးကင်းစင်စွာဖြင့် သုံးစွဲနိုင်ရေး၊ ဝန်ထမ်းများ၏ ဘက်စုံကျွမ်းကျင်မှုပိုင်းဆိုင်ရာ တိုးတက်စွမ်းဆောင်နိုင်မှုများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ကျောက်ကပ်ရောဂါနှင့် ပတ်သက်သော ကာကွယ်မှု၊ ကုသမှုလုပ်ငန်းများကို ယခုဖောင်ဒေးရှင်းကြီးနှင့် လက်တွဲပူးပေါင်း၍ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


 

     အဆိုပါအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးပညာရှင်ကြီးများနှင့် မြန်မာကျောက်ကပ်ဖောင်ဒေးရှင်းမှ ဥက္ကဌ ဒေါက်တာလှအောင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

More Tags