မွန်ပြည်နယ်အတွင်းရှိ ကျန်းမာရေးစော့င်ရှောက်မှုလုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီ:ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုရေးရာ ကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၂၀) ရက်နေ့တွင် ပေါင်မြို့နယ် မုတ္တမတိုက်နယ်ဆေးရုံ၊ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံနှင့် ခုတင်(၁၀၀)ဆံ့ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးတို့အား ဝင်ရောက်၍

- အရေးပေါ်လူနာများအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများ အရန်သင့်ပြင်ဆင်ထားရှိမှုနှင့် အရေးပေါ်ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးနိုင်သည့် အခြေအနေ၊


 

- ပြင်ပလူနာဌာနနှင့် အတွင်းလူနာဌာနများတွင် ဆေးမှတ်တမ်းထိန်းလုပ်ငန်းများကို ကွန်ပျူတာစနစ်ဖြင့် ထည့်သွင်း ဆောင်ရွက်နေသည့်အခြေအနေ၊


 

- ဆေးသိုလှောင်ခန်းများတွင် ကွန်ပျူတာစနစ်ဖြင့် ဆေးဝါးမှတ်တမ်းများ၊ စနစ်တကျထားရှိ၍ ဆေးဝါးများသက်တမ်းမကုန်ဆုံးမီ လူနာများထံသို့ အချိန်မီထောက်ပံ့ပေးနိုင်မည့် အခြေအနေ၊

- လူနာဆောင်များ၊ ခွဲစိတ်ခန်းများအခြေအနေ၊ ဆရာဝန်၊ ဆရာမများနှင့် ဆေးရုံဝန်ထမ်းများ၏ နားနေခန်းများအခြေအနေ၊


 

- ဆေးရုံပတ်ဝန်းကျင်နှင့် ဆေးရုံအတွင်း သန့်ရှင်းသပ်ရပ်စွာဖြင့် လူနာများအားဝန်ဆောင်မှုပေးနိုင်မည့်အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။


 

     ဆေးရုံရှိ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ဆရာဝန်၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်များ၊ တိုက်နယ်ဆရာဝန်အပါအဝင် ဝန်ထမ်းများမှ တင်ပြခဲ့ကြသော လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးက လတ်တလော ဖြည့်ဆည်းဆောင်ရွက်နိုင်သည်များကို ချက်ချင်းဖြည့်ဆည်းပေးခဲ့ပြီး ဝန်ထမ်းအိမ်ယာများရရှိရေး၊ ဆေးရုံဟောင်းပြုပြင်ဆောင်ရွက်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဗဟိုမှ တာဝန်ရှိသူများနှင့် ပြည်နယ်မှ တာဝန်ရှိသူများ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့မိမြို့ဖများ၊ ဆေးရုံအထောက်အကူပြု အဖွဲ့ဝင်များအကြား ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ လမ်းညွှန်မှုပေးခဲ့ပါသည်။


 

 


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သထုံမြို့နယ် ဆရာတော်ကြီးများ ဦးဆောင်သော ဂိလာနသံဃာ့ဆေးရုံ စောင့်ရှောက်ရေးအဖွဲ့မှ ကျပ်ငွေသိန်း (၂၄၆၆) တန်ဖိုးဖြင့် လှူဒါန်းဆောက်လုပ်ခဲ့သော (၁၆) ခုတင်ဆံ့ သံဃာဆောင်အဆောက်အဦးနှင့် အလှူရှင် ဟာဂျီမဒေါ်တိုးကြည်နှင့် အလှူရှင်များမှ ကျပ်ငွေ (၆၆၂) သိန်းကျော်ဖိုးခန့် လှူဒါန်းထားသည့် ကျောက်ကပ်သွေးသန့်စင်စက်နှင့် ဆေးဝါးပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 


 
 
 

More Tags