မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေး

     ထိုင်းနိုင်ငံ SCG (Siam Cement Group), Thailand’s Crown Organization Property Bureau မှပံ့ပိုး၍ ထိုင်းနိုင်ငံ၊ Banphaeo Hospital (Public Organization) မှ မျက်စိအထူးကု ဆရာဝန်ကြီးများက မွန်ပြည်နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့အထွေထွေရောဂါကု ဆေးရုံကြီး၌ အခမဲ့ ခွဲစိတ်ကုသပေးခြင်းအဖြစ်​ဆောင်ရွက်သော (၃)ကြိမ်မြောက် အတွင်းတိမ်ခွဲစိတ် ကုသရေး အစီအစဉ်နှင့် ကြည်လင်သော အမြင်အာရုံကို မျှဝေပေးခြင်း အခမ်းအနား (SCG Sharing a Brighter Vision 2017) ကို ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်(၈)နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။


 

     အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ SCG Thailand’s Crown Organization Property Bureau မှတာဝန်ရှိသူများ၊ Banphaeo Hospital (Public Organization) မှ မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ မော်လမြိုင်အခြေစိုက် ထိုင်းနိုင်ငံ SCG အဖွဲ့မှ တာဝန်ရှိသူ များ၊ မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ မော်လမြိုင်ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ ဆရာမများနှင့် မျက်စိအတွင်းတိမ် ခွဲစိတ်ပြီး လူနာများတက်ရောက်ခဲ့ပါသည်။

     ရှေးဦးစွာအခမ်းအနားအစီအစဉ်အရ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု ဗွီဒီယိုမှတ်တမ်းအား ပြသခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့(၃)ကြိမ်မြောက် အတွင်းတိမ်ခွဲစိတ်ကုသရေးအစီအစဉ်နှင့်ကြည်လင်သောအမြင်မျှဝေရေးလုပ်ငန်းစဉ်များကို အဓိကပံ့ပိုး ကူညီပေးခဲ့ကြသော SCG ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ လာရောက်ခွဲစိတ်ကုသမှုပေးသူ မျက်စိခွဲစိတ် အထူးကုဆရာဝန်ကြီးများ အား အထူးကျေးဇူးတင်ရှိပါ ကြောင်း၊

     ယခုကဲ့သို့ အခမဲ့မျက်စိခွဲစိတ်ကုသမှုများ ဆောင်ရွက်ပြီး မွန်ပြည်နယ်အတွင်းရှိ ပြည်သူ ရာပေါင်းများစွာကို အောင်မြင်စွာခွဲစိတ်ကုသ၍ အမြင်အာရုံရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်ကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ မျက်စိခွဲစိတ်ကုသမှုကို ခံယူသော လူနာများသည် မျက်စိအမြင်ပြန်လည် ရရှိသဖြင့် ဘဝနေထိုင်မှုအရည်အသွေး ယခင်ထက်ပို၍ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ၏ (Corporate social Responsibility) အနေဖြင့် လူနာများကို ရောဂါပျောက်ကင်းစေရန် ဆောင်ရွက်၍ နာကျင်ခံစားရမှုများကို ပျောက်ကင်းသက်သာစေခြင်းသည် အလွန်ကောင်းမွန်ထိရောက်မွန်မြတ်သော လူမှုရေးအကျိုးပြုဆောင်ရွက်ချက်ဖြစ်ပါကြောင်း၊


 

     မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ မျက်စိအထူးကုဆရာဝန်ကြီးများအကြား အတွေ့အကြုံနှင့် ခေတ်မီ ပညာရပ်များ ပိုမိုဖလှယ်နိုင်မည့်အပြင် ယခင်ကပင်ချစ်ကြည်ခိုင်မာသော မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း ယခုထက်ပို၍ ကောင်းမွန်စွာဖြင့် ရေရှည်တည်တံ့စေရန် အထောက်အကူပြုနိုင် မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “National Vision 2020’’အဖြစ် သတ်မှတ်၍ တစ်နိုင်ငံ လုံးတွင် မျက်စိကျန်းမာရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ လုပ်ငန်းဆောင်ရွက်မှုသည် ရည်မှန်းချက်ပြည့်မီရန်အတွက် အထောက်အကူ တစ်ခုဖြစ်ပါကြောင်း၊ အလားတူပင် ပြည်သူများ၏ မျက်စိကျန်းမာရေးအဆင့်အတန်း မြင့်မားစေရေး အတွက် ပဏာမမျက်စိ ကျန်းမာရေးစောင့်ရှောက်မှုများကို ကျယ်ပြန့်စွာလွှမ်းခြုံနိုင်ရန်အတွက် စီမံချက်များရေးဆွဲ အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ မျက်စိနှင့်ပတ်သက်သော ကျန်းမာရေးအသိပညာ ယခုထက်ပိုမိုမြင့်မားလာပါက အဖြစ်များသောမျက်စိရောဂါများကို ကာကွယ်ခြင်း၊ စောစီးစွာကုသ ခြင်းအားဖြင့် အမြင်အာရုံဆုံးရှုံးမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ကျန်းမာရေးအသိပညာ မြင့်မားလာစေရန် မျက်စိဆိုင်ရာကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းများကို ကျေးလက်နေ ပြည်သူများအကြားနှင့် အခြေခံပညာကျောင်းများတွင် ပညာပေးဆောင်ရွက်လျက်ရှိပါကြောင်းဖြင် ပြောကြားပါသည်။


 

     ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကအမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Jukr Boon-Long ၊ SCG Thailand’s Crown Organization Property Bureau မှ Deputy Director Mrs. Vunvimol Supprasert ၊ Banphaeo Hospital (Public Organization) မှ Hospital Director Dr. Pornthep Pongtawigorn ၊ SCG Chairman of CSR Committee for Sustainable Development မှ Khun Arsa Sarasin တို့က အသီးသီး အမှာစကားများပြောကြားကြသည်။


 

     ထို့နောက် အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ပြီး အမှတ်တရ ဓါတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ပါသည်။


 

     ဆက်လက်၍ မျက်စိအတွင်းတိမ်ခွဲစိတ်ပြီး လူနာများအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များနှင့် ထိုင်းနိုင်ငံမှလာရောက်သူ အလှူရှင်များက မျက်မှန်များ တပ်ဆင်ပေးကြပါသည်။ ခွဲစိတ်ကုသ မှုခံယူပြီးသောလူနာများသည် အမြင်အာရုံ ပြန်လည်ရရှိသွားကြသည်ကို ကြည်နူးဖွယ်ရာတွေ့ရပါသည်။ ဆက်လက်၍ မျက်စိခွဲစိတ်ကုသမှုခံယူမည့် လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားကာ မျက်စိစမ်းသပ်နေမှုနှင့် ခွဲစိတ်ကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။


 

     အဆိုပါအစီအစဉ်အရ၂၄.၁၁.၂၀၁၇ ရက်နေ့တွင် မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်၊ မုဒုံ၊ ဘီးလင်း၊ ရေး တို့တွင် (၁၅၀)ဦးနှင့် ၂၅.၁၁.၂၀၁၇ ရက်နေ့တွင် (၆၈)ဦး စုစုပေါင်း (၂၁၈)ဦးခန့်ကို ခွဲစိတ်ကုသမှု ပေးခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အထွေထွေရောဂါကုဆေးရုံကြီး မော်လမြိုင်၏ သံဃာဆောင်၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ အကြောအဆစ်ကုဌာန၊ ဆေးရုံကြီး ကြပ်မှုကော်မတီဆေးဆိုင်၊ ဓါတ်ခွဲခန်းနှင့် အသစ်ဆောက်လုပ်လျက်ရှိသော (၄)ထပ်လူနာဆောင် တို့အား ကြည့်ရှုစစ်ဆေးပြီး လတ်တလောဆောင်ရွက်ပေးနိုင်သော လိုအပ်ချက်များအား ချက်ခြင်း ဖြည့်ဆည်းပေး၍ ရေရှည်ဆောင်ရွက်ရမည့်ကိစ္စများအား အပိုင်းလိုက်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

More Tags