မွန်ပြည်နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့

     မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဇူလိုင်လ (၂၇)ရက်နေ့မှ စတင်ကာ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပါသည်။ ဇူလိုင်လ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဘီးလင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၃၉)ခု၊ သထုံမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၆)ခုနှင့် ကျိုက်မရောမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၂)ခုကို သက်ဆိုင်ရာမှ ဖွင့်လှစ်ခဲ့ပါသည်။

 

     ရေဘေးသင့်ပြည်သူများသည် အဆိုပါ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင် လျက်ရှိပြီး မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီး ဌာနများမှ ဒေသခံကျန်းမာရေးဝန်ထမ်းများသည် နှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ အလေးထား ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

 

     မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနသည် ရေလွှမ်းမိုးမှုဖြစ်ပွားသော နေရာဒေသများသို့ ရေလွှမ်းမိုးမှုမရှိသောနီးစပ်ရာ နေရာဒေသများမှ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ စေလွှတ်ပေးပို့အားဖြည့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းတိုင်းတွင် ကျန်းမာရေး ဝန်ထမ်း (၂)ဦးစီတာဝန်ထမ်းဆောင်လျက်ရှိသည့်အပြင် ယာယီဆေးခန်း/ ရွေ့လျားဆေးခန်းများ ဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ အစားအစာနှင့် ရေမှတဆင့်ကူးစက်တတ်သောရောဂါများ နှင့် ဝမ်းပျက်ဝမ်းလျောရောဂါ၊ အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်သော ရောဂါများ စသည့်ကူးစက်ရောဂါများမဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများ၊ တီဘီရောဂါ၊ HIV ပိုးရှိသူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါစသည့် နာတာရှည်ရောဂါဖြစ်ပွားနေသူများ လိုအပ်သော ဆေးဝါးများဆက်လက် ရရှိနိုင်ရေး လုပ်ငန်းများ စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ် (၄၇)ရှိ ဗဟိုပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲမှုစင်တာ (Public Health Emergency Operations Center) ကို (၂၄)နာရီဖွင့်လှစ်၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ကျန်းမာရေးဌာနများ၊ ကွင်းဆင်းအဖွဲ့များအကြား ကွန်ယက်ချိတ်ဆက် ဆက်သွယ်၍ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီပံ့ပိုးပေးနိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကျန်းမာရေးဌာန/ဝန်ထမ်းများအချင်း ချင်းနှင့် နှီးနွယ်ဌာနဆိုင်ရာများ/ အဖွဲ့အစည်းများချိတ်ဆက်ပေးနိုင်ရန် နှင့် ရေဘေးကြောင့် ထိခိုက်သေဆုံးမှု၊ ကျန်းမာရေးပြဿနာများဖြစ်ပွားမှု၊ ကျန်းမာရေး ဌာနများ၏ ထိခိုက်ပျက်စီးဆုံးရှုံးမှု၊ ရေဘေးသင့်ဝန်ထမ်းများ၏ အခြေအနေကို သိရှိ၍ လိုအပ်သည့်တုံ့ပြန်ဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရန် သတင်းရယူခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

 

     ဇူလိုင်လ (၃၀)ရက်နေ့တွင် ရေလွှမ်းမိုးခဲ့သောနေရာများတွင် ရေစတင်ကျဆင်း လာခဲ့ပြီးကျန်းမာရေးဝန်ထမ်းများသည် ရေးလွှမ်းမိုးမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဖြစ်ပွားလာနိုင်သည့် ရောဂါဖြစ်ပွားမှုများကို စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ၊ ကွင်းဆင်း၍ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊ ရောဂါပိုး သယ်ဆောင်နိုင်သော ပိုးမွားများကို နှိမ်နင်းခြင်းလုပ်ငန်းများ အပါအဝင် ရောဂါကာကွယ် တားဆီးနှိမ်နင်းခြင်းလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်း များစသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 

     ကယ်ဆယ်ရေးစခန်းများတွင်ဖွင့်လှစ်ထားသော ဆေးခန်းများတွင် ယနေ့အထိ လူနာ စုစုပေါင်း (၂၈၂၆)ဦးလာရောက်ပြသခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိရေဘေးသင့်ဒေသများနှင့် ကယ်ဆယ်ရေးစခန်းများတွင် ယခုလက်ရှိ အချိန်အထိ ကူးစက်ရောဂါကပ်အသွင်ဖြစ်ပွားမှုများ မရှိကြောင်းသိရှိရပါသည်။

 

More Tags