ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု စံလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန် သင်တန်းတွင် ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြား

Union Minister Dr. Myint Htwe delivers a speech at the standard operation procedure for financial management training

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နိုဝင်ဘာလ (၁၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် Hotel Max၊ နေပြည်တော်၌ ပြုလုပ်လျက်ရှိသော ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု စံလုပ်ထုံးလုပ်နည်း သင်တန်းသို့ သွားရောက်၍ သင်တန်းတက်ရောက်နေသူများအားတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဝန်ကြီးဌာနသည် ဘဏ္ဍာငွေများနှင့် ရန်ပုံငွေများကို ထိရောက်အကျိုးရှိစွာ၊ လေလွင့်မှု နည်းပါးစွာဖြင့် အသုံးပြုနိုင်ရေး လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိရာ ယခု သင်တန်းသည် Gavi အဖွဲ့မှ ပံ့ပိုးသည့်ရန်ပုံငွေများ အပါအဝင် ဘဏ္ဍာငွေစီမံခန့်ခွဲဆောင်ရွက်မှုများအတွက် များစွာ အရေးကြီးပါကြောင်း၊
• စံလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်ကိုရေးဆွဲသည့်အခါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စစ်ဆေးရေးဌာနခွဲတို့နှင့် တိုင်ပင်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော မြန်မာနိုင်ငံ၊ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုစည်းမျဉ်း (၂၀၁၇)ကိုလည်းကောင်း၊ ကမ္ဘာ့ဘဏ်၏ Standard Operating Procedure for Financial Management (EHSA project) ကိုလည်းကောင်း၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၏ Implementation Strategy Note for HSS2 နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ Implementation Modalities on DFC ကိုလည်းကောင်း စုစုပေါင်းလမ်းညွှန် (၄)ခုအပေါ်တွင် မှီငြိမ်းအခြေခံပြီး ကုလသမမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့နှင့် ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်ကို သိရှိရပါကြောင်း၊

 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် (၃)နှစ်စာ အမေရိကန်ဒေါ်လာ သန်း (၆၀) grant မှာ Gavi ရန်ပုံငွေကို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ တဆင့်လက်ခံရရှိသွားပြီး စုစုပေါင်းရန်ပုံငွေ၏ (၂၄) ရာခိုင်နှုန်း ခန့်ကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ငွေစာရင်းမှ သုံးစွဲမည်ဖြစ်ပါကြောင်း၊
• မကြာမီနှစ်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဘဏ္ဍာရေး စီမံခန့်ခွဲနိုင်မှု ပိုမိုတောင့်တင်းလာသည့်အခါမှာ Gavi ရန်ပုံငွေကို ဝန်ကြီးဌာနက တိုက်ရိုက် လက်ခံရရှိပြီး သုံးစွဲနိုင်ရန် ရည်ရွယ်ထားပါကြောင်း၊

 

• ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု စံလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်ကို နိုင်ငံတော် အစိုးရ၏ ဘဏ္ဍာရေးစနစ်အား အသုံးပြုပြီး ရေးဆွဲထားခြင်းဖြစ်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများက မိမိဌာနအတွင်းမှာရှိတဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို မိမိဘာသာ ရေးဆွဲနိုင်ပြီး လျာထား၊ သုံးစွဲနိုင်သည့် အခြေအနေကို ဦးတည်ထားပါကြောင်း၊
• Gavi HSS2 ရန်ပုံငွေကို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲက စီမံကိန်းမန်နေဂျာအဖြစ် ဆောင်ရွက်လျက်ရှိပြိး လုပ်ငန်းဆောင်ရွက်သူများအားလုံး ကိုယ်တိုင်ပါဝင် ဆောင်ရွက်မှု (ownership) အပြည့်အဝကို ရရှိစေမည့် လမ်းညွှန်စာအုပ် တစ်ခုဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊

 

• ယခုကဲ့သို့သော ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကို ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (က) သင်တန်းများတွင် ပါဝင်ထည့်သွင်းဆွေးနွေးကြစေလိုပါကြောင်း၊
• ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု စံလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်သည် version - 1 ဖြစ်သည့်အတွက် ပိုမိုကောင်းမွန်၊ ပြည့်စုံစေရေး ပြုလုပ်သွားရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အားသားချက်နှင့် အားနည်းချက်များကို ပြန်လည် အသိပေးပြောကြား (feedback) ပေးရန်အတွက်လည်း ကြိုဆိုပါကြောင်း၊

 

• လမ်းညွှန်စာအုပ်တွင် မဖြစ်မနေလုပ်ဆောင်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသုံးပြုသူများ အလွယ်တကူသိရှိ မြင်သာစေရန်အတွက် သီးခြား အနှစ်ချုပ်ရေးသားထည့်သွင်းစေလိုပါကြောင်း၊
• လမ်းညွှန်စာအုပ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး၊ မြို့နယ်ကျန်းမာရေးမှူး၊ ကျန်းမာရေးမှူးအဆင့် (၁)များ၊ မြို့နယ်သူနာပြုဆရာမကြီးများ၊ လက်ထောက်ကျန်းမာရေးမှူးများနှင့် ဘဏ္ဍာရေးစာရင်းကိုင်များ စသည်တို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ထည့်သွင်းထားပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါ ကြောင်း၊

 

• စံလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန် စတင်ရေးဆွဲသည့် အချိန်မှ version 1 သုံးစွဲနိုင်သည်အထိ အစဉ်တစိုက် နည်းပညာပံ့ပိုးပေးခဲ့သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ စစ်ဆေးရေးဌာနခွဲတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊
• နိုင်ငံတော် ဘဏ္ဍာအပါအဝင်၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့ငွေများကို အကျိုးရှိထိရောက်စွာနှင့် လေ့လွင့်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် သုံးစွဲရန်လိုအပ်သည် သာမက ချမှတ်ထားသော ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊

 

• သင်တန်းပေးပြီးပါကလည်း ဘဏ္ဍာရေးစီမံခန့်ခွဲမှု စံလုပ်ထုံးလုပ်နည်းများ မှန်ကန်ကိုက် ညီစွာဆောင်ရွက်နိုင်ခြင်း ရှိ/ မရှိကို လွယ်ကူရှင်းလင်းသော checklist များဖြင့် စောင့် ကြည့်ဆန်းစစ်သွားရန် လိုအပ်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျင်မြန် ချောမွေ့စွာဖြင့် သက်သာလွယ်ကူစွာ ပေးပို့ဆက်သွယ်ပြန်ကြား ဆောင်ရွက်နိုင်ရေးအတွက် အီလက်ထရွန်နစ်စနစ်သုံး ရုံးလုပ်ငန်းစနစ် (E-memo) ကို မကြာမီစတင်ကျင့်သုံး ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ ဆောင်ရွက်ချက်များနှင့် လမ်းညွှန်ချက်များကို သိရှိလေ့လာနိုင်ရန် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက် (facebook) စာမျက်နှာများ ကိုလည်း ပုံမှန်ကြည့်ရှုကြစေလိုပါကြောင်း၊
• ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးကြီးသည့် ဘဏ္ဍာငွေစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင် ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ သင်တန်းတွင် Gavi HSS2 လုပ်ငန်းများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီမံခန့်ခွဲနိုင်ရန် Gavi HSS2 ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု စံလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန် (Gavi HSS2 Financial Management Standard Operating Procedure) ကို စတင်သုံးစွဲရန် အသိပေးသင်ကြားပေးခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ရောဂါနှိမ်နင်းရေးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံဆရာဝန်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ မြို့နယ်ကျန်းမာရေးမှူးများ၊ ကျန်းမာရေးမှူးအဆင့် (၁)များ၊ မြို့နယ်သူနာပြု ဆရာမကြီးများ၊ လက်ထောက်ကျန်းမာရေးမှူးများနှင့် ဘဏ္ဍာရေးစာရင်းကိုင်များ စုစုပေါင်း (၃၇၇)ဦး တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags