ဘာသာရပ်ဆိုင်ရာဆေးပညာရှင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the coordination meeting with the expert groups of medical disciplines

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သော ဘာသာရပ်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

 


 

     ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဆေးပညာဘာသာရပ်အလိုက် စနစ်တကျပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ဆေးတက္ကသိုလ် (၅) ခုမှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများပါဝင်သော ဘာသာရပ်ဆိုင်ရာ ဆေးပညာရှင် (၁၀) ဦးပါဝင်သည့်အဖွဲ့ပေါင်း (၃၀) ကျော်ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါကြောင်း၊

• အဆိုပါ အဖွဲ့များအနေဖြင့် မိမိတို့၏ ဘာသာရပ်ပိုမိုမြင့်မားလာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံနှင့် လုပ်ငန်းမူဘောင်များကို ရေးဆွဲချမှတ်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် သင့်လျှော်မှန်ကန်သော၊ အရည်အသွေးကောင်းမွန်သော၊ စံချိန်စံညွှန်းပြည့်မီ၍ ကြာရှည်အသုံးပြုနိုင်သော ဆေးဝါးနှင့် စက်ကိရိယာပစ္စည်းများကို ဝယ်ယူနိုင်ရန်အတွက် အကြံပြုချက်များပေးစေလိုပါကြောင်း၊


 

• သက်ဆိုင်ရာ ဆေးပညာရပ်အလိုက်ပညာရှင်အဖွဲ့များသည် မိမိတို့၏ ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိသူများဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် အကြံပြုချက်များ၊ တင်ပြချက်များကို သေချာစွာမှတ်သား၍ အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• မိမိပြည်ထောင်စုဝန်ကြီးအပါအဝင် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များတို့၏ အဓိကတာဝန်မှာ ဝန်ထမ်းများနှင့် ပြည်သူများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်း ထောက်ပံ့ပေးရန် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် လူနာများ ဘေးကင်းလုံခြုံရေး (patient safety) ကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဦးစီးကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကာ လုပ်ငန်းကော်မတီများ အသီးသီးထပ်မံဖွဲ့စည်းပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ ရေးဆွဲထုတ်ဝေခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းများကို လာမည့် တစ်နှစ်တာကာလအတွင်း အလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊


 

• လူနာဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်သော ခွဲစိတ်ခန်းဆိုင်ရာလုပ်ငန်းလမ်းညွှန်၊ လူနာများမခွဲစိတ်မီဆန်းစစ်ခြင်းနှင့် ခွဲစိတ်ပြီးလေ့လာစောင့်ကြပ်ကြည့်ရှု ပြုစုစောင့်ရှောက်ခြင်းဆိုင်ရ လုပ်ငန်းလမ်းညွှန်များကိုလည်း ပြုပြင်မွမ်းမံရေးဆွဲသွားစေလိုပါကြောင်း၊

• သက်ဆိုင်ရာ ဆေးပညာရပ်ဘာသာရပ်အဖွဲ့ဝင်များအနေဖြင့်လည်း ညီညီညွတ်ညွတ်ဖြင့်တိုင်ပင် ဆွေးနွေး၍ ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

   ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) တို့က ဘာသာရပ်ဆိုင်ရာဆေးပညာရှင်အဖွဲ့များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားခဲ့ပါသည်။


 

  အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်အထွေအထွေရောဂါဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး/ ပါမောက္ခချုပ်၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာဘာသာရပ်အဖွဲ့၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုပညာဘာသာရပ်အဖွဲ့၊ မေ့ဆေးပညာဘာသာရပ်အဖွဲ့၊ နား၊ နှားခေါင်း၊ လည်ချောင်းနှင့် ဦးခေါင်းခွဲစိတ်ပညာဘာသာရပ်အဖွဲ့၊ နှလုံးခွဲစိတ်ကုပညာဘာသာရပ်အဖွဲ့နှင့် မျက်စိရောဂါ ပညာဘာသာရပ်အဖွဲ့များ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခများ၊ အငြိမ်းစားဆေးပညာရှင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။


 

 


 
 

More Tags