ပကတိလက်တွေ့အခြေအနေကို သိရှိဖြည့်ဆည်းပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပခုက္ကူ) သို့ ပြည်ထောင်စုဝန်ကြီး သွားရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူများလိုက်ပါလျက် ပကတိလက်တွေ့ အခြေအနေတွင် ကျန်းမာရေးဝန်ဆောင်မှုပေးနေမှုအခြေအနေများနှင့် လိုအပ်ချက်များကို သိရှိဖြည့်ဆည်းပေးနိုင်ရန်အတွက် သြဂုတ်လ (၁၈) ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးလက်ကျန်းမာရေးဌာနခွဲနှင့် မြင်းခြံပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ကျောဇီတိုက်နယ် ဆေးရုံများသို့လည်းကောင်း သြဂုတ်လ (၁၉)ရက်နေ့တွင် ပခုက္ကူပြည်သူ့ဆေးရုံ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပခုက္ကူ)နှင့် ညောင်ဦးပြည်သူ့ဆေးရုံများသို့လည်းကောင်း သွားရောက်ခဲ့ပါသည်။


 

     ထိုသို့သွားရောက်ရာတွင် ဆေးရုံများနှင့် ကျန်းမာရေးဌာနများရှိ ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ခွဲစိတ်ခန်း၊ မွေးကင်းစ ကလေးလူနာဆောင်၊ သွားနှင့်ခံတွင်းဌာန၊ အကြောအဆစ်ပြန်လည် သန်စွမ်းရေးဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ ဆေးစတို၊ ဆေးမှတ်တမ်းဌာန၊ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဆေးရုံတက်ရောက်နေသောလူနာများအားကြည့်ရှုအားပေးခဲ့ကာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။


 

     အဆိုပါ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးက -

- ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကုသရေးလုပ်ငန်းများသာမက ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကိုပါ ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

- ကျန်းမာရေးဝန်ထမ်း များ၏ ကုသရေးစွမ်းရည်၊ ပြည်သူ့ကျန်းမာရေးစွမ်းရည် တိုးတက်မြင့်မားရေးဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြည်သူများအားကျန်းမာရေးအသိပညာပေးရာတွင်လည်းကောင်း အထောက်အကူပြုမည့် ဆေးပညာစာအုပ်များ၊ လမ်းညွှန်များ၊ လက်စွဲစာအုပ်များ၊ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စသည်တို့ပါဝင်သည့် Mobile Tablet ဖုန်းများကို အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ တိုက်နယ်ဆရာဝန်များနှင့် မြို့နယ်ဆရာဝန်များကို ပထမအဆင့်အဖြစ် မကြာမီ ပေးအပ်သွားမည်ဖြစ်ကြောင်း၊


 

- ဝန်ကြီးဌာနအနေဖြင့် ဆရာဝန်များ၊ သူနာပြုများသာမက အခြားဆေးဘက်ဆိုင်ရာ နှီးနွယ်ပညာရှင်များ၏ အခန်းကဏ္ဍကိုပါမြှင့်တင်ပေးလျက်ရှိကြောင်း၊

- ဓာတ်မှန်၊ ဓာတ်ခွဲ၊ အကြော၊ ဆေးဝါးပညာရှင်များကို ရာထူးပိုမိုတိုးမြှင့်ခန့်ထားနိုင်ရန် လုပ်ငန်းအရာရှိရာထူးနေရာများနှင့် လက်ထောက်ညွှန်ကြားရေးမှူးရာထူးနေရာများ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊

- ဝန်ကြီးဌာနအနေဖြင့် ယခု (၂၀၁၈)ခုနှစ်ကို သတင်းအချက်အလက်နှစ်၊ ဝန်ထမ်းအိမ်ရာနှစ်နှင့် ဘဏ္ဍာငွေများ၊ ဆေးဝါးပစ္စည်းများကို ကျိုးကြောင်းလျှော်ညီစွာ စနစ်တကျ အသုံးပြုရေးနှစ်အဖြစ်သတ်မှတ်၍ ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ကုသရေးကဏ္ဍနယ်ပယ်တစ်ခုလုံး ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဆေးရုံအုပ်များ၊ ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများမှ တင်ပြခဲ့သော မွေးကင်းစကလေး ပြုစုကုသမှု ပစ္စည်းကိရိယာများ၊ ဓာတ်မှန်ရိုက်စက်၊ မီးစက်၊ ဓာတ်ခွဲခန်း သုံးပစ္စည်းများ၊ သွားနှင့်ခံတွင်းရောဂါ ကုသရေးပစ္စည်းများ၊ အထူးကြပ်မတ်ကုသရမည့် လူနာများ၏ အခြေအနေ စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုသည့် ကိရိယာများ၊ အကြောအဆစ်ပြန်လည် သန်စွမ်းရေးစက်ကိရိယာများ အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများအား ဖြည့်ဆည်းပေးခဲ့ပြီး ဝန်ထမ်းအင်အားအခက်အခဲကိစ္စရပ်များ၊ ဝန်ထမ်းအိမ်ရာများနှင့် လူနာဆောင်သစ် တည်ဆောက်ရေးကိစ္စရပ်များ၊ ဆေးရုံ အဆောက်အဦများ ပြုပြင်တည် ဆောက်ရန်နှင့် အသစ်တည်ဆောက်ရန် ကိစ္စရပ်များ၊ လူနာစောင့်များနားနေဆောင်များတည်ဆောက်ရန်ကိစ္စရပ်များ စသည်တို့ကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။


 

     ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပခုက္ကူ)သို့ လည်းသွားရောက်ခဲ့ပြီး သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။


 

     အဆိုပါ ခရီးစဉ်သို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ထမ်းရေးရာ) ဒေါက်တာစိုးဦး၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေနှင့် တာဝန်ရှိသူများလိုက်ပါခဲ့ပါသည်။

 
 
 

More Tags