ပိုလီယိုရောဂါအပါအဝင် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဒေသဆိုင်ရာအရာရှိ (Regional Surveillance Officer) များအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့

     ပိုလီယိုရောဂါအပါအဝင် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဒေသဆိုင်ရာအရာရှိများ လုပ်ငန်းခွင်ဝင်သင်တန်း (Induction Training for Regional Surveillance Officers - 2018) ကို (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ၊ (၁၃) ရက်နေ့မှ (၁၈) ရက်နေ့အထိ၊ နေပြည်တော်၊ တုံဂပူရီဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နေ့လယ်ပိုင်းတွင် သင်တန်းပြုလုပ်သည့် တုံဂပူရီဟိုတယ်သို့သွားရောက်၍ ပိုလီယိုရောဂါအပါအဝင် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဒေသဆိုင်ရာအရာရှိ (Regional Surveillance Officer - RSO) များနှင့် တွေ့ဆုံခဲ့ပါသည်။


 

     ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာသန်းထွန်းအောင်က RSO ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် -

- RSO များ၏ လုပ်ငန်းတာဝန်များအား ပြန်လည်သုံးသပ်၍ (quick review) လုပ်ပြီး အရေးကြီးသော မလုပ်မဖြစ်ဆောင်ရွက်ရမည့် တာဝန်များအားဦးစားပေး (prioritize) သတ်မှတ်လုပ်ဆောင်စေ လိုကြောင်း၊

- သတင်းအချက်အလက် (Data and Information) များ မှန်ကန်မှသာလျှင် လုပ်ငန်းဆောင်ရွက်မှုလမ်းကြောင်းများ၊ မဟာဗျူဟာများမှန်ကန်မည်ဖြစ်သဖြင့် ကောက်ယူသော အချက်အလက်များ တိကျ မှန်ကန်မှုရှိရန် အရေးကြီးကြောင်း၊

- သတင်းအချက်အလက်ကွန်ယက် (data networking) တည်ဆောက်၍ RSO အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ချင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ ဌာနခွဲများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း၊

- ရရှိသော သတင်းအချက်အလက်များကိုလည်း စိစစ်သုံးသပ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း (analyze and evaluate) များပြုလုပ်ပြီး သုံးသပ်ချက်များကို (Feedback) များပေးခြင်းဖြင့်လည်း လုပ်ငန်းပါဝင် ဆောင်ရွက်သူအားလုံး၏ ရောဂါကာကွယ်ထိန်းချုပ်မှုပိုင်းဆိုင်ရာ အတွေးခေါ်များ (epidemiological thinking) တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊

- သို့မှသာလျှင် ရရှိသော သတင်းအချက်အလက်များကို လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊


 

- ခရိုင်/ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများကို ပေးအပ်မည့် Tablets များတွင် သက်ဆိုင်ရာဆေးပညာရပ်စာအုပ်များ၊ ကျန်းမာရေးဆိုင်ရာ application များ၊ ကိုးကားစာအုပ်များ စသည်တို့ကို ထည့်သွင်းထားပြီး ယင်း Tablets များကို အသုံးပြုခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ ကုသရေးစွမ်းရည်၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်း စွမ်းရည်များ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊

- ယခု RSO များအတွက်လည်း WHO နှင့် ညှိနှိုင်းလုပ်ဆောင်၍ Tablets များပေးအပ်ပြီး ပြည်သူ့ကျန်းမာရေးနှင့် ပတ်သက်၍ လေ့လာသင့်သောပညာရပ်စာအုပ်များ၊ အကြောင်းအရာများ စသည်တို့ကို ထည့်သွင်းစေလိုကြောင်း၊

- ယခင်က RSO များအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူများထံမှ အတွေ့အကြုံများ၊ အကြံဉာဏ်များကို ရယူ၍ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးချရန်လိုအပ်ကြောင်း၊

- တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်တာဝန်ထမ်းဆောင်ကြမည့် RSO များအနေဖြင့် ယခင်နှစ်များမှ နှစ်ချုပ်အစီရင်ခံစာ (Annual Report) များအား ကြိုတင်၍လေ့လာစေလိုကြောင်း၊

- RSO များအနေဖြင့်လည်း ပြည်သူလူထုအား တိုက်ရိုက်ထိတွေ့ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လုပ်ငန်းအတွေ့အကြုံကောင်းများရရှိနိုင်ရုံသာမက ပြည်သူလူထုကိုလည်း အကျိုးပြုနိုင်မည်ဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းတို့ကိုမှာကြားခဲ့ပါသည်။


 

      ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်တာဝန်ထမ်းဆောင်မည့် RSO များက လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြရန်ရှိသည်များကို အသီးသီးတင်ပြခဲ့ကြပါသည်။

   အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းတက်ရောက်သည့် RSO များ၊ Admin Assistant များ၊ WHO မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

 
 
 

More Tags