ပြည်သူ့လွှတ်တော်၌ ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် လျာထားမြေနေရာများ၏ မြေပြင်အခြေအနေကို တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့

  ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေး၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ၊ (မြောင်းမြမဲဆန္ဒနယ်) ၏ မေးခွန်းဖြစ်သော "မြောင်းမြမြို့နယ်တွင် မြောင်းမြမြို့သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အားဂုဏ်ပြုသောအားဖြင့် မဟာသီရိသုဓမ္မဒေါ်ခင်ကြည် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအား ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိခဲ့ပါလျင် မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ပြီး မည်သည့်အချိန်အတွင်း အပြီးတည်ဆောက်မည်၊ မည်သည့်နှစ်တွင် သင်တန်းသားများ စတင်လက်ခံနိုင်မည်" ဟူသော မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်အားလက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်ဌေးဌေးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်နန့်ကြူကြူခိုင်နှင့် သူနာပြုဦးစီးအရာရှိ ဒေါ်မြသီတာလှိုင်တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း အသစ်ဖွင့်လှစ်နိုင်ရေးအတွက် လျာထားမြေနေရာ (၂)ခု၏ မြေပြင်အခြေအနေများကို (၂၀-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။


 

     ကွင်းဆင်းအဖွဲ့သည် ထပ်မံအဆိုပြုမြေနေရာဖြစ်သည့် မြောင်းမြမြို့၏ အနောက်ဖက် (၃)မိုင်ခန့်အကွာ ပတ္တာကုန်းကျေးရွာအနီးတွင်တည်ရှိသော မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း လီမိတက်မှ လှူဒါန်းမည့် မြောင်းမြဂုန်နီစက်ရုံ ပင်မစက်ရုံဝန်းအတွင်းရှိ (၁)ဧကကျယ်ဝန်းသော စီမံခန့်ခွဲရေးရုံးမြေနေရာသို့ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း၊ ပုသိမ်မြို့မှ ကျောင်းအုပ်ကြီး ဒေါ်နော်ကပေါ်ရှီး၊ နည်းပြနှင့် ဒုနည်းပြများ၊ မြောင်းမြဂုန်နီစက်ရုံမှူး ဦးစိုးသိမ်း၊ စက်ရုံခွဲမှူး ဒေါ်ကြင်ရီနှင့် မြောင်းမြမြို့ မြို့မိမြို့ဖ ဦးအန်ကူတို့နှင့်အတူ လိုက်လံ ကြည့်ရှုခဲ့ပါသည်။


 

     ဆက်လက်၍ ဆရာများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများအား ငှားရမ်းပေးရန်လျာထားသော မြောင်းမြဂုန်နီစက်ရုံ၏ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။

    ထို့နောက် သူနာပြုသင်တန်းကျောင်းဆောက်လုပ်ရန် မူလလျာထားသောမြေနေရာ ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်-၁၈၊ ဘုရားချောင်း ကျေးရွာ(မြကန်သာ)၊ ကွင်းအမှတ်/ အမည်-၂၇၅က၊ (၅.ဝ၆)ဧက ကျယ်ဝန်းသည့်မြေနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ ၎င်းမြေနေရာသည် မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးနှင့် (၁)မိုင်ခန့် ကွာဝေးကြောင်းသိရှိရပါသည်။

     ကွင်းဆင်းအဖွဲ့အနေဖြင့် မြေနေရာများနှင့်ပတ်သက်၍ အထွေထွေဆန်းစစ်သုံးသပ်မှု များပြုလုပ်ပြီး ဒေသခံမြို့မိမြို့ဖများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍လည်းကောင်း၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်၍လည်းကောင်း မြောင်းမြမြို့တွင် အာဆီယံအဆင့်မီ သူနာပြုသင်တန်းကျောင်း (၁)ကျောင်း အမြန်ပေါ်ပေါက်လာရေးအတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags