ပြည်သူ့ဆေးရုံကြီး၊ လှိုင်သာယာ၊ တိုးချဲ့ (၄) ထပ်လူနာဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the opening ceremony of new four-storey building in Hlaing Thar Yar General Hospital

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် လှိုင်သာယာပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့သည့် တိုးချဲ့ (၄) ထပ်လူနာဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူများနှင့် အတူတက်ရောက်ခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• လူနေထူထပ်များပြားပြီး အချက်အခြာကျသော နေရာတွင် ရှိနေသော လှိုင်သာယာမြို့နယ်ရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ၊ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မိမိပြည်ထောင်စုဝန်ကြီးအဖြစ် စတင်တာဝန်ယူစဉ်မှ စတင်၍ ဉီးစားပေးသတ်မှတ် အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ ယခုတိုးချဲ့ (၄) ထပ်လူနာဆောင်သစ်ကြီးကို ဖွင့်လှစ်နိုင်ခြင်းသည် ဝန်ကြီးဌာနနှင့် ပြည်သူများအတွက် ဝမ်းမြောက်ဖွယ်ပင်ဖြစ်ပါကြောင်း၊
• ခုတင် (၂၀၀) ဆံ့လှိုင်သာယာပြည်သူ့ဆေးရုံကြီးအား ဝန်ကြီးဌာနမှ အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ယခုအခါ လူနာ (၄၅၀) ဦးခန့်အား ကုသမှုပေးနိုင်သော ဆေးရုံကြီးအဖြစ် တိုးချဲ့ဆောက်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊
• ခရီးဝေးကွာမှု၊ ယာဉ်ကြောကြပ်တည်းမှု စသည့်အကြောင်းအရာများကြောင့် နေရာဒေသအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းရှိ ဆေးရုံကြီးများသို့ သွားရောက်ကုသမှုခံယူပါက ကုသမှုခံယူရန် နှောင့်နှေးကြန့်ကြာခြင်းများဖြစ်ပွားနိုင်ပါကြောင်း၊

 

• ထို့အတွက် လှိုင်သာယာပြည်သူ့ဆေးရုံသည် မြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများအတွက်သာမကဧရာဝတီတိုင်းဒေသကြီးမှ လူနာများကပါ အားကိုးအားထားပြုရသော ဆေးရုံကြီးဖြစ်လာစေရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊
• (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဆေးပညာသင်ကြားရေးဆေးရုံကြီးအဖြစ် သတ်မှတ်၍ လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ ရောဂါရှာဖွေစစ်ဆေးမှု၊ ကုသမှုအထောက်အကူပြုကိရိယာပစ္စည်းများ စသည်တို့ကို ဉီးစားပေးဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာန အနေဖြင့် ယခုကဲ့သို့ ဆေးရုံများကို အဆင့်တိုးမြှင့်၍ ကုသမှုလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့် ရောဂါဖြစ်ပွားစေသည့် အကြောင်းအရာများကို ကိုယ်တိုင် သိရှိရှောင်ကြဉ်၍ ကျန်းမာရေးနှင့် ကိုက်ညီစွာ နေထိုင်စားသောက်နိုင်ရန်အတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
• ပြည်သူများအနေဖြင့် ဝန်ကြီးဌာနမှ ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါ (၁၁) မျိုးကာကွယ်ဆေးများ ထိုးနှံမှုခံယူခြင်း၊ ကူးစက်နှင့် မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဆောင်ပုဒ်ဖြင့် အားကစားလှုပ်ရှားလေ့ကျင့်မှုများ ပိုမိုဆောင်ရွက်နိုင်ရေး ဆောင်ရွက်ခြင်းတို့ဖြင့် ရောဂါဖြစ်ပွားမှုများ လျော့နည်းလာကာ နိုင်ငံတော်နှင့် ပြည်သူများ၏ကျန်းမာရေးအဆင့်အတန်းလည်း ပိုမိုမြင့်မားလာမည်ဖြစ်ပါကြောင်း၊

 

• ရောဂါဖြစ်ပွားမှုများ လျော့နည်းလာခြင်းဖြင့် ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် နည်းပါးသော လူနာအရေအတွက်ကို ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊
• ရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများကိုယ်တိုင် မိမိနှင့် မိမိတို့၏ မိသားစုများ ကျန်းမာရေးအတွက် အသိစိတ်ဓာတ်ရှိစွာဖြင့် စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်သွားကြခြင်းဖြင့် ပိုမိုအောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေး၊ ပရဟိတ အသင်းအဖွဲ့များ၏ ပံ့ပိုးကူညီဆောင်ရွက်မှုသည်လည်း အရေးကြီးပါကြောင်း၊

 

• လှိုင်သာယာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဆေးရုံမှ ဝန်ထမ်းများ အားလုံးအနေဖြင့်လည်း ဆေးရုံကြီး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်၍ ပြည်သူများအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ်သတ်မှတ်သဘောထားကာ ဆန်းသစ်သော အတွေးအမြင်များဖြင့် ဆက်လက်ဆောင်ရွက်သွားကြစေလိုပါကြောင်း၊
• ဆေးရုံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အထူးကုဆရာဝန်၊ ဆရာဝန်၊ သူနာပြု၊ ကုသမှုအထောက်အကူပြုပညာရှင်များနှင့် ဝန်ထမ်းများနှင့် လစဉ်ပုံမှန်တွေ့ဆုံကာ ဆေးရုံကြီး၏ အရေးကိစ္စများနှင့် ပတ်သက်၍ အလွတ်သဘော ပွင့်လင်းစွာဆွေးနွေးကြစေလိုပါကြောင်း၊

 

• လှိုင်သာယာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ အနေဖြင့် ဆေးရုံအထောက်အကူပြုအဖွဲ့နှင့် (၂)လ လျှင် (၁) ကြိမ်ခန့် ပုံမှန်တွေ့ဆုံ၍ ပံ့ပိုးမှုများ ရယူဆောင်ရွက်စေလိုပါကြောင်း၊
• ပြည်သူများအနေဖြင့်လည်း ဆေးရုံကြီး ရေရှည် သန့်ရှင်းသပ်ရပ်စေရန်နှင့် ကောင်းမွန်သည့် ဆေးကုသမှုနေရာဖြစ်စေရန်အတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ ဆေးရုံဝန်းအတွင်း ဆေးလိပ်သောက်သုံးခြင်း၊ ကွမ်းယာစားသုံးခြင်းနှင့် ကွမ်းတံထွေးထွေးခြင်း စသည်တို့ကို လုံးဝရှောင်ကြဉ်၍ လူနာနှင့်လူနာစောင့်စည်းကမ်းများနှင့်အညီ ပြုမှုကာ ကူညီကြပါရန် တိုက်တွန်းလိုပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်မှ စတင်၍ လူနာဘေးကင်းလုံခြုံမှု (patient safety) လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ဆေးကုသမှုအဆင့်တိုင်းကို ဘက်ပေါင်းစုံမှ စနစ်တကျ ပြန်လည်ဆန်းစစ်ခြင်း (medical audit) လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လှိုင်သာယာပြည်သူ့ဆေးရုံကို ပါဝင်ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ဆေးရုံ၏ စာရင်းဇယားအချက်အလက်များ စနစ်တကျပြုစုခြင်း၊ ဆေးနှင့်ဆေးပစ္စည်း သိုလှောင်ထားရှိမှုကို စနစ်တကျပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဆေးရုံ၏ နှစ်ပတ်လည် အစီရင်ခံစာ (annual report) စာအုပ်ကိုလည်း ပုံမှန်ပြုစုစေလိုပါကြောင်း၊
• ဆေးရုံတွင် လူနာဆောင်များနှင့် လူနာစောင့်ဆိုင်းရာနေရာများတွင် ရုပ်မြင်သံကြားစက်၊ အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာမြှင့်တင်ရေး အစီအစဉ်များ ထုတ်လွှင့်ပြသခြင်းကို ဆောင်ရွက်နေသည်မှာ ကောင်းမွန်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် ဆေးရုံကြီး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပြီး နှီးနွှယ်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ၊ ပြည်သူများမှလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

• မိမိတို့ အစိုးရအဖွဲ့နေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုကောင်းမွန်ရေး၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်း၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာသော စီးပွားရေးမြို့တော်ကြီးဖြစ်ပေါ်စေရေး တို့အပါအဝင် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
• လှိုင်သာယာမြို့နယ်သည် စက်မှုလုပ်ငန်းများပြားသော မြို့နယ်ဖြစ်သဖြင့် အဆိုပါစက်မှုလုပ်ငန်းများကြောင့် ပြည်သူများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို မထိခိုက်စေရေးအတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊
• ရွှေ့ပြောင်းလုပ်သားများအပါအဝင် လူဦးရေထူထပ်များပြားပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ချိတ်ဆက်ထားသည့် ဝင်ပေါက်နေရာဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ဆေးရုံတွင် ယခုကဲ့သို့ လူနာဆောင်သစ်ဖွင့်လှစ်ခြင်းအပါအဝင် အဆင့်ဆင့်သော လုပ်ငန်းများကို ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိခြင်းကို ကျေးဇူးတင်ရှိပြီး မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ဆက်လက် ပံ့ပိုးပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် လှိုင်သာယာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစန်းလွင်ဦးက ဆေးရုံ၏ နောက်ခံသမိုင်းကြောင်း၊ တိုးချဲ့ (၄) ထပ်ဆောင် တည်ဆောက်ခဲ့မှု၊ လက်ရှိ ဆေးရုံတွင် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ အားရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တိုးချဲ့ (၄) ထပ်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုးချဲ့လေးထပ်ဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုးချဲ့ (၄) ထပ်ဆောင်သစ်နှင့် ဆေးရုံအားလှည့်လည်ကြည့်ရှုခဲ့ပါသည်။

 
 

More Tags