ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနသို့ ပြည်ထောင်စုဝန်ကြီး သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေး

Union Minister Dr. Myint Htwe visits the Department of Public Health and Department of Traditional Medicine

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် သြဂုတ်လ (၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄၇) ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးခဲ့ပါသည်။

 

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ၊ ကျောင်းကျန်းမာ ရေးဌာနခွဲနှင့် အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲတို့သို့ သွားရောက်ခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့စဉ်၌ ပြည်ထောင်စုဝန်ကြီးက -

• ဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အားတက်သရော ကြိုပမ်းဆောင်ရွက်နေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊

• ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲသည် ပြည်သူများ ကျန်းမာရေးအသိပညာမြင့်မားစေရေး အဓိကတာဝန်ယူဆောင်ရွက်ရသည်ဖြစ်သဖြင့် ဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ နိုင်ငံတကာမှ ကျန်းမာရေးသတင်းအချက်အလက်များနှင့် အကြောင်းအရာများကို မျက်ခြေမပြတ်သိရှိရန်မှာ အရေးကြီးပါကြောင်း၊

 

• ဌာနခွဲတွင် စာကြည့်တိုက်ငယ်တစ်ခုထားရှိခြင်းနှင့် အင်တာနက်ကွန်ရက်မှ သတင်းအချက်အလက်နှင့် အကြောင်းအရာများ စုဆောင်းခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ၏ ရှေ့လုပ်ငန်းစဉ်များကို အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးပွဲတစ်ခုကိုလည်း ပြုလုပ်စေလိုပါကြောင်း၊

• ပြည်သူများအားလုံး အာဟာရပြည့်ဝကာ ကိုယ်ခန္ဓာနှင့် ဉာဏ်စွမ်းရည်မြင့်မားရေး၊ ကျောင်းနေအရွယ် လူငယ်များအားလုံး ကျန်းမာရေးအသိပညာကြွယ်ဝရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အပြုအမှုများကို လိုက်နာကျင့်သုံးရေးတို့အတွက် လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေမှုများစသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို အတတ်နိုင်ဆုံး ဆက်လက်ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း၊

• ဝန်ထမ်းများအတွက်စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်မှု အထောက်အကူပြု ပစ္စည်းကိရိယာများ အပါအဝင်လိုအပ်သည်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် “တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်များ အစည်းအဝေး” ကျင်းပလျက်ရှိရာသို့ သွားရောက်၍ တိုင်းရင်းဆေးတက္ကသိုလ် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းဆေးရုံများ၊ ဆေးခန်းများ၊ စက်ရုံများ ယခုထက်ပိုမိုဖွံဖြိုးတိုးတက်စေရေးအတွက် ညွှန်ကြားရေးမှူးချုပ် (တိုင်းရင်းဆေးပညာ ဦးစီးဌာန) ဒေါက်တာမိုးဆွေ၊ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခသိန်းဇော်လင်း၊ တာဝန်ရှိသူများနှင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

 

     ထိုသို့သွားရောက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ပါသည်။

More Tags