ပြည်သူ့ကျန်းမာရေးသင်တန်းကျောင်း (လယ်ဝေး) နှင့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) စီမံကိန်းမြေနေရာတို့သို့ ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှု

Union Minister Dr. Myint Htwe visits Lewe Public Health Training Center and Project site of Myanmar Center of Disease Control (CDC)

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါနှိမ်းနင်းရေး) ဒေါက်တာထွန်းတင်၊ ညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာကျော်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ပြည်သူ့ကျန်းမာရေးသင်တန်းကျောင်း (လယ်ဝေး) နှင့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) စီမံကိန်းမြေနေရာတို့သို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။


 

      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ လယ်ဝေးကျန်းမာရေးသင်တန်းကျောင်းသို့ သွားရောက်၍ လှည့်လည်ကြည့်ရှုခဲ့ပါသည်။


 

ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးက -

• ဝန်ကြီးဌာနအနေဖြင့် ကပ်ရောဂါဗေဒ မဟာသိပ္ပံဘွဲ့ (M.Sc (Epidemiology)) သင်တန်းကို (၂၀၂၀) ခုနှစ်တွင် စတင်ဖွင့်လှစ်သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကပ်ရောဂါဗေဒမဟာသိပ္ပံဘွဲ့ (M.Sc (Epidemiology)) သင်တန်းအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲလျက်ရှိရာတွင်လည်း လက်တွေ့လုပ်ငန်းအတွေ့အကြုံမြင့်မားသည် ပညာရှင်များမှ ပါဝင်ရေးဆွဲ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

• အဆိုပါသင်တန်းအပါအဝင် ဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းအမျိုးမျိုးအား ဤသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည်များကိုတင်ပြရန်ဖြစ်ပါကြောင်း၊

• ဤသင်တန်းကျောင်းကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) တည်ဆောက်သွားမည့် စီမံကိန်းမြေနေရာသို့ ကွင်းဆင်းသွားရောက် ကြည့်ရှုခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့် ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။


 

     နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ (၂၀) ဧက ကျယ်ဝန်းသော မြေနေရာတွင် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း (Medical Training Center) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါဌာနကြီးတွင် နိုင်ငံတကာအဆင့်မီ ကျန်းမာရေး ဆိုင်ရာ ဓာတ်ခွဲခန်းကြီးများ၊ ရောဂါထိန်းချုပ်ရေးဌာနများ၊ သင်ကြားလေ့ကျင့်ရေးအခန်းများ၊ သင်တန်းသား/သူ အဆောင်များ၊ စားသောက်ဆိုင် (canteen) များ၊ ရုံးအဆောက်အဦများ စသည်တို့ ပါဝင်မည် ဖြစ်ပြီး စီမံကိန်းပြီးစီးပြီးနောက် ရောဂါစောင့်ကြပ်ကြည့်ရှု ထောက်လှမ်းခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ကျန်းမာရေးဆိုင်ရာ လေ့ကျင့်သင်ကြား ရေးလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။


 
 

More Tags