ပြည်သူ့ကျန်းမာရေးတက္ကသိုလ် သင်ကြားရေးကိစ္စရပ်များ၊ (၄၆) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကျင်းပရေးနှင့် အားကစားအဖွဲ့ချုပ်များပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေး

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ (၁၁) ရက်နေ့၊ နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ကထိက၊ နည်းပြများနှင့်တွေ့ဆုံပြီး သင်ကြားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မကြာမီ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့သင်တန်းများ၊ ဆေးရုံအုပ်ချုပ်မှုပညာ မဟာဘွဲ့သင်တန်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ထိရောက်သော သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှုနည်းစနစ်သစ်များဖြင့် သင်ကြားရေး၊ သင်တန်းသား၊ သင်တန်းသူများအား Presentation ပုံစံဖြင့် ပြန်လည်ဆွေးနွေးစေပြီး အမေးအဖြေပုံစံမျိုးဖြင့် သင်ကြားစေရေး ဆွေးနွေးပြောကြားကာ တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


 

     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့နယ်၊ ဇီဝကလမ်းရှိ ဆေးသုတေသန အစည်းအဝေးခန်းမ (၂) ၌ (၄၆) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဆွေးနွေးပြောကြားရာတွင် ဆေးသုတေသနဦးစီးဌာနသည် မိမိတို့ဝန်ကြီးဌာန၏ အရေးကြီးသည့်ဌာနတစ်ခု ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏လုပ်ငန်းများ ပိုမိုအောင်မြင်အောင်၊ ထိရောက်အောင် သုတေသနလုပ်ငန်းများကို သက်ဆိုင်ရာစီမံချက်များ၊ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊

     ညီလာခံတွင်ဖတ်ကြားမည့် စာတမ်းများရွေးချယ်ရာတွင် နိုင်ငံအတွက်အကျိုးရှိမည့် အရည်အသွေးရှိသည့် စာတမ်းများကို ရွေးချယ်ဖတ်ကြားကြစေလိုကြောင်း၊ အာဆီယံစံနှုန်းနှင့်ကိုက်ညီသည့် စာတမ်းများကို ရွေးချယ်စေလိုကြောင်း ပြောကြားသည်။


 

     ယင်းနောက် တာဝန်ရှိသူများက ညီလာခံကျင်းပရေးနှင့်ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ဓာတ်ခွဲခန်း တိရစ္ဆာန်စောင့်ရှောက်မှုနှင့် အသုံးပြုမှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


 

     ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဧည့်ရိပ်သာတွင် အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ အားကစားအဖွဲ့ချုပ်များ ပြန်လည်ဖွဲ့စည်းရေး အကြံပေးကော်မတီဝင်များအား တွေ့ဆုံကာ အားကစားအဖွဲ့ချုပ်များ ပြန်လည်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

More Tags