ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ တက္ကသိုလ် ဘက်စုံပိုမိုတိုးတက်ဖွံ့ဖြိုးရေး ကိစ္စရပ်များဆွေးနွေး ဆောင်ရွက်

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)၊ ခေတ္တညွှန်ကြားရေး မှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန)နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်သူ့ ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) သို့ သွားရောက်ကာ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ ဆေးရုံအုပ်ချုပ်မှုပညာမဟာဘွဲ့၊ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ပညာရပ်သင်တန်းများ တက်ရောက်လျက်ရှိသော သင်တန်းသူ/သားများနှင့် တွေ့ဆုံ၍ တက္ကသိုလ် ဘက်စုံပိုမိုတိုးတက်ဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာန၏ ပုံရိပ်သဖွယ်ဖြစ်သော ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်ရေးမှာ လွန်စွာ အရေးကြီးပါကြောင်း၊

• တက္ကသိုလ်တွင် သင်ကြားသင်ယူမှုကို အထောက်အကူပြုနိုင်မည့် ပတ်ဝန်းကျင် ရရှိစေရေး၊ ဆရာများ၏ အရည်အသွေးမြင့်မားရေး၊ သင်ကြားပုံနည်းစနစ်များယခုထက် ပိုမိုထိရောက်စေရေး၊ စာကြည့်တိုက် စုံလင်ကောင်းမွန်ရေး၊ စာသင်ဆောင်များ၊ စာသင်ခန်းများသာမက တက္ကသိုလ်နှင့် တက္ကသိုလ်ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် သာယာလှပရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ပံ့ပိုးမှုများကို ပထမ ဦးစားပေးအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊

• ဆရာ/မ များအနေဖြင့် သင်ရိုးညွှန်တမ်းများ၊ သင်ကြားမှုနည်းစနစ်များ၊ သင်ကြားမှု အထောက်အကူပြုပစ္စည်းများ စသည်တို့ကို ဘက်စုံ ဆန်းစစ်သုံးသပ်၍ ယခုထက်ပိုမိုတိုး တက်ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ အပြန်အလှန်ဆွေးနွေးမှု ပုံစံဖြင့်သင်ကြားရန်၊ နေ့လယ်စာ စားချိန်ဟောပြောဆွေးနွေးပွဲများနှင့် စကားရည်လုပွဲများပြုလုပ်သွားရန်နှင့် သင်တန်းသား/သူများအား သုတေသနပြုလုပ်သည့် အလေ့အကျင့် ပျိုးထောင်ပေးရန်ဖြစ်ပါကြောင်း၊


 

• မဟာဘွဲ့နှင့် ပါရဂူဘွဲ့တက်ရောက်နေသူ သင်တန်းသား/သူများအနေဖြင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Centers for Disease Control and Prevention (CDC)နှင့် ဝန်ကြီးဌာန စသည့် အင်တာနက် စာမျက်နှာများကို ကြည့်ရှုလေ့လာကြရန်တိုက်တွန်းပါကြောင်း၊

• နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် အင်္ဂလိပ်စာကိုလည်း ပိုမိုကျွမ်းကျင် တတ်မြောက်စေရန် ဆည်းပူးကြစေလိုပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာန (ပြင်​ဦးလွင်ရုံးခွဲ) တွင် ဖွင့်လှစ်သင်ကြားသွားမည့် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများကိုလည်း တက်ရောက်နိုင်ပါကြောင်း၊

• သင်ကြားပေးသည့် ဆရာ/မများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားခြင်းဖြင့် သင်ယူသူများ၏ စွမ်းဆောင်ရည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်သဖြင့် အားလုံးစုစည်း ကြိုးပမ်းကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

    ထို့နောက် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာလှလှဝင်းက ပြည်ထောင်စုဝန်ကြီးနှင့် ဖေဖော်ဝါရီလ (၃)နေ့တွင် တွေ့ဆုံခဲ့စဉ်က ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားထားရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခဲ့ပါသည်။


 

      ဆက်လက်၍ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ ဆေးရုံအုပ်ချုပ်မှု ပညာမဟာဘွဲ့၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများတက်ရောက်လျက် ရှိသော သင်တန်းသူ/သားများကလည်း တက္ကသိုလ်ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထပ်မံလိုအပ်သည်များကို တာဝန်ရှိသူများနှင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ စာသင်ဆောင်များ၊ ဌာနများ၊ ကွန်ပြူတာခန်းမ၊ စာကြည့်တိုက်နှင့် စားသောက်ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

 

More Tags