ပြည်သူ့ကျန်းမာရေးကြီးကြပ်သင်တန်း ဆရာ၊ ဆရာမများအတွက် Training of Trainers သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နိုဝင်ဘာလ (၅)ရက်၊ နေ့လယ်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အခြေခံကျန်းမာရေး တက္ကသိုလ် (မကွေး)၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့ကျန်းမာရေးကြီးကြပ်သင်တန်း ဆရာ၊ ဆရာမများအတွက် Training of Trainers သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

     ပထမဦးစွာ အခြေခံကျန်းမာရေးတက္ကသိုလ်၊ ပါမောက္ခချုပ်ဒေါက်တာထင်ဇော်ဦးက ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းသမိုင်းကြောင်း အကျဉ်းကို ရှင်းလင်း တင်ပြခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် -

ပြည်သူ့ကျန်းမာရေးကဏ္ဍအောင်မြင်ရေးအတွက် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂)နှင့် သားဖွားဆရာမများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်မြင့်မာရေးသည် အဓိကအခြေခံကျ ကြောင်း၊

ထိုကဲ့သို့အရည်အချင်းနှင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက် ဦးတည်၍ ယခုပြုလုပ် သည့် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်း ဆရာ/ဆရာမများအတွက် ဆရာဖြစ်သင်တန်း သည်အလွန်အရေးကြီးသော အကျိုးရှိသည့်သင်တန်းဖြစ်ကြောင်း၊

ဤသင်တန်းဖြစ်မြောက်ရေးအတွက် essential health project မှတဆင့် ထောက်ပံ့ ကူညီပေးခဲ့သော USAID နှင့် Jhpiego အဖွဲ့တို့ကိုလည်း ကျေးဇူးတင်ပါကြောင်း၊

ဤဆရာဖြစ်သင်တန်း (TOT) ကို အထူးသိပ္ပံနည်းကျ စနစ်ကျနသေချာစွာ ပြင်ဆင်ထားရှိသည်ကို တွေ့ရှိ ရကြောင်း၊

 

• သင်ရိုးညွှန်တမ်းရေးဆွဲထားမှု ကောင်းမွန်ပြည့်စုံပြီး (၁) လူထုကျန်းမာရေးဌာန၊ (၂) ရောဂါ နှိမ်နင်းရေးဌာန၊ (၃) ပတ်ဝန်းကျင်သန့်ရှင်းရေးသိပ္ပံဌာန၊ (၄) ကျန်းမာရေးအဆင့်မြှင့်တင် ခြင်းနှင့် ကျန်းမာရေးပညာဌာန၊ (၅) ဇီဝဆေးသိပ္ပံဌာန အားလုံးပူးပေါင်းပါဝင်ရေးဆွဲ ထားသည်ကို တွေ့ရှိရခြင်းကို အထူးအသိအမှတ်ပြုပါကြောင်း၊

• သင်တန်းသား ဆရာ/ ဆရာမများအား မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လက်ရှိသင်ကြားလျက်ရှိသော သင်ရိုးညွှန်တမ်းများကို တစ်ပါတည်းယူဆောင်ပြီး ယင်းအပေါ် အခြေခံ၍ဆွေးနွေးပြီး သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်မည်ဖြစ်သည် ကို တွေ့ရှိရ၍ အလွန်ကျေနပ်မိပါကြောင်း၊

• သင်ကြားရေးနည်းလမ်းတွင်လည်း ဆန်းစစ်အကဲဖြတ်ခြင်းကိုလည်း တစ်ပါတည်းထည့် သွင်းထားခြင်း (assessment built-in type) နှင့် သင်တန်းသား၊ သင်တန်းဆရာများ အပြန်အလှန်ဆွေးနွေး၍ သင်ကြားသင်ယူမှုစနစ်များကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်ခြင်း (progressive platform based)၊ အုပ်စုငယ်များဖွဲ့၍ အဖွဲ့တစ်ခုစီကို အကြောင်းအရာ၊ ခေါင်းစဉ်တစ်ခုပေး၍ (lecture powerpoint) ပြင်ဆင်ခြင်းနှင့် (presentation) ပြုလုပ်စေခြင်း (preceptor approach) ဖြင့်သင်ကြားခြင်း နည်းစနစ် များကိုတွေ့ရှိရ၍ အလွန်ကောင်းမွန် ပါကြောင်း၊

• ထို့အပြင် ပါမောက္ခချုပ်ဦးစီး၍ ဌာနမှုး(၅)ဦးပါဝင်သော ဆန်းစစ်ရေးအဖွဲ့မှ သင်တန်း သားများ သင်ကြားမှုတက်မြောက်ခြင်း ရှိ/ မရှိ အကဲဖြတ်ခြင်းများ (summative evaluative type of assessment) ပါဝင်သည်ကိုတွေ့ရှိရ၍ ဆန်းသစ်ကောင်းမွန်သော ဆောင်ရွက်ချက်ဖြစ်ပါကြောင်း၊

 

• သင်တန်းပို့ချခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် -

     - ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းတွင်ပို့ချလျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေ သကြီးဦးစီးဌာနများရှိ ဆရာ/ ဆရာမများ စာသင်ကြားရေး တပြေးညီ ဖြစ်စေရန်၊

     - ခေတ်နှင့်လျော်ညီသော သင်ရိုးညွှန်းတမ်းများကို သိရှိလေ့လာစေပြီး လက်တွေ့ စာသင် ကြားရာတွင် အသုံးပြုရန်၊

     - ဆရာ/ ဆရာမများ အချင်းချင်း အတွေ့အကြုံ၊ ဗဟုသုတအမြင်များဖလှယ်၍ စာသင်ကြား ရေးတွင် အထောက်အကူဖြစ်စေရန်တို့သည် လက်တွေ့ကျပြီး အကျိုးရှိ သော ရည်ရွယ်ချက်များဖြစ်သည့် အတွက် အလွန်ကျေနပ်မိပါကြောင်း၊

• သင်တန်းဆရာများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိပါက ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂)များ၏ အသိပညာ၊ ကျွမ်းကျင် တက်မြောက်မှု၊ အတွေ့အကြုံနှင့် စွမ်းဆောင်နိုင်မှုအတိုင်းအတာကို check-list ဖြင့် ဆန်းစစ်အကဲ ဖြတ်လေ့လာစေလိုကြောင်း၊

• လေ့လာတွေ့ရှိချက်နှင့်အကြံပြုချက်များကို သက်ဆိုင်သူများသို့ပြန်လည်ပေးပို့ပြောကြား ခြင်း(feedback) အလေ့အထကိုလည်း လုပ်ဆောင်စေလိုကြောင်း၊

• ထို့အပြင် စားရင်းဇယားအချက်အလက်(data) များ၏အရေးကြီးပုံနှင့် အသုံးဝင်မှု တို့ကို သိရှိစေရန်နှင့် data presentation ကိုစနစ်တကျလုပ်တတ်စေရန် သင်ကြားပေးစေ လိုကြောင်း၊

• သားဖွားဆရာမနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂)တို့၏ အလုပ်တာဝန်ဝတ္တရားများ ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊

• နိဂုံးချုပ်အနေဖြင့် မည်သည့်သင်တန်းကို ပြုလုပ်သည်ဖြစ်စေ အရည်အသွေးပြည့်ဝသော ရလဒ်များကို ရရှိရန်အတွက် -

     - (၁) သင်ရိုးညွှန်းတမ်း

     - (၂) သင်ကြားမှုကိုအထောက်အကူပြုသော ပတ်ဝန်းကျင်အနေအထား

     - (၃) သင်ကြားပေးသူ ဆရာ/ ဆရာမများ၏ အရည်အချင်း

     - (၄) သင်ကြားပုံနည်းလမ်း

     - (၅) သင်တန်းသားများ၏ စိတ်ပါဝင်စားမှုနှင့် သင်ယူနိုင်မှုစွမ်းရည် စသည့်အကြောင်း အချင်းအရာများ ပြည်စုံကောင်းမွန်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

 

 

     ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသောင်းလှိုင်က ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) များလေ့ကျင့်မွေးမြူတာဝန်ပေးခန့်ထားမှုနှင့် ရာထူးတာဝန် အဆင့်ဆင့်တိုးတက်ရေး အခွင့်အလမ်းရှိရန်ဆောင်ရွက်နေမှုများနှင့် အစီအစဉ်များကို ရှင်းလင်း တင်ပြပါသည်။

     ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်း ဆရာ/ ဆရာမများအတွက် ဆရာဖြစ်သင်တန်း ကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဆရာ/ ဆရာမ (၃၆)ဦးတက်ရောက် သက်ကြားမည် ဖြစ်ပြီး (၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ပါမောက္ခချုပ် (အခြေခံကျန်းမာရေးတက္ကသိုလ်) ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး) ဒေါက်တာသန်းထွန်းအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာထွန်းတင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသောင်းလှိုင်၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေ၊ ညွန်ကြားရေးမှူး (သင်တန်း) ဒေါက်တာသံလွင်ထွန်း၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာစိုးလွင်ငြိမ်းနှင့် တာဝန်ရှိသူများ၊ Jhpiego မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags