ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာ နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဘွဲ့ကြို/ဘွဲ့လွန် သင်တန်း ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ သင်ကြားရေးကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၂၀)ရက်နေ့၊ နေ့လယ်ပိုင်း၌ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာ နှီးနွယ်တက္ကသိုလ် (၁၃)ခုတို့မှ ပါမောက္ခချုပ်များနှင့် ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းဝင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ သင်ကြားရေးကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။


 

    အဆိုပါ အစည်းအဝေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာ နှီးနွယ်တက္ကသိုလ် (၁၃)ခုတို့မှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• သက်ဆိုင်ရာ ဘာသာရပ်၊ ပညာရပ်အလိုက် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များ၊ ဝန်ထမ်းဖွဲ့စည်းပုံ၊ အနာဂတ်တွင် တိုးပွားလာမည့် နိုင်ငံ၏လူဦးရေနှင့် ဖြစ်ပေါ်လာနိုင်သော ရောဂါအမျိုးအစားများ အလိုက်ဦးစားပေးလေ့ကျင့်သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊

• အဓိကအားဖြင့် ပြည်သူများကို အရည်အသွေးမြင့်မားသော ကျန်းမာရေးစောင့် ရှောက်မှုများကိုပေးအပ်နိုင်မည့် အရည်သွေးပြည့်ဝသော ဘွဲ့လွန်နှင့် ပါရဂူဆေးပညာရှင်များ သင်ကြားလေ့ကျင့်မွေးထုတ် ပေးနိုင်ရေးနှင့် သင်ကြားလေ့ကျင့်ပေးနိုင်မည့် ပါမောက္ခများ၊ ကထိကများ၊ အထူးကုဆရာဝန်ကြီးများ၏ လက်​ခံသင်ကြားပေးနိုင်မှု (teaching capacity) တို့အား ချိန်ဆနှိုင်းယှဉ်၍ စဉ်းစားစေလိုပါကြောင်း၊


 

• ထို့အပြင် ပြည်သူ့အစိုးရ လက်ထက်တွင်ဖြစ်၍ ပြည်သူများ၏အသံကို ဦးစားပေးထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ဘွဲ့လွန်ဆေးပညာကို ဆည်းပူးလိုသော ဝန်ထမ်းများ၏ မျှော်လင့်ချက်များကိုလည်း အလေးအနက်ထားစေလိုကြောင်း၊

• နယ်စပ်ဒေသနှင့် ခက်ခဲဒေသတွင် တာဝန်ထမ်းဆောင်နေသူများနှင့် ဝန်ထမ်းလုပ်သက်နှစ်များပြားသူများ ဘွဲ့လွန်သင်တန်း ဝင်ခွင့်ဖြေဆိုရာတွင် မျှတမှုရှိစေရန် မည်သို့ဆောင်ရွက်သင့်သည်ကိုလည်း အားလုံး ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊

• သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့လွန်ဝင်ရောက်ဖြေဆိုနိုင်မည့် အနည်းဆုံးဝန်ထမ်း လုပ်သက်မည်မျှရှိသင့်သည်ကို ဘက်ပေါင်းစုံမှသုံးသပ်၍ အားလုံးဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊

• ဘွဲ့ကြိုသင်တန်းဝင်ခွင့်အား ဝေးလံခက်ခဲဒေသများတွင် ပြန်လည်တာဝန်ထမ်းဆောင်မည့် ဒေသခံများပိုမိုဝင်ရောက်ခွင့်ရရှိစေရေးနှင့် ဘွဲ့ကြိုသင်​တန်​းဝင်​ခွင်​့တွင်​ ကျား/မ အချိုး မည်မျှသတ်မှတ်၍ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ပြုသင့်သည့်အချက်များကိုလည်း ဆွေးနွေးစေလိုပါကြောင်း၊ ကျား/မ အချိုးသတ်မှတ်ရာတွင် လုပ်ငန်းလိုအပ်ချက်အရ အမျိုးသားများအနေဖြင့် ပိုမိုသင့်လျှော်သော တာဝန် ထမ်းဆောင်မှု အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားစေလိုပါကြောင်း၊

• အဓိကအားဖြင့် နိုင်ငံ၏လိုအပ်ချက်နှင့် ပြည်သူတို့၏ ကျန်းမာရေးလုံခြုံမှုတို့ကို ဦးထိပ်ထား၍ အားလုံးအတူတကွ ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးကာ အားလုံးသဘောတူညီလက်ခံနိုင်သည့် လက်တွေ့ ကျသော လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးဖြစ်ပါကြောင်းတို့ကို ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက ယခင်နှစ်များအတွက် ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းသားရွေးချယ် လေ့ကျင့်သင်ကြားမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ယခုနှစ်အတွက် အဆိုပြုလျာထား သတ်မှတ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာကြသော ပါမောက္ခချုပ်များမှ သတ်မှတ်ချက်တစ်ခုချင်းအလိုက် မိမိတို့၏ သဘောထားအမြင်နှင့် အကြံပြုချက်များကို အသေးစိတ်ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။


 

     အစည်းအဝေးတွင် အားလုံးလက်ခံနိုင်သည့် ဆွေးနွေးသဘောတူညီချက်များ အသီးသီးချမှတ်နိုင်ခဲ့ပြီး ယခုနှစ်အတွက် ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းဝင်ခွင့်များနှင့် ပတ်သက်၍ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ မကြာမီတွင် တရားဝင်ထုတ် ပြန်ပေးသွားမည်ဖြစ်ပါသည်။

 
 

More Tags