ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဆေးသိုလှောင်ရုံများသို့ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် (၆-၈-၂၀၁၈) ရက် နေ့လယ်ပိုင်းအချိန်တွင် အမြဲတမ်းအတွင်းဝန်ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်နှင့် အခြားတာဝန်ရှိ သူများလိုက်ပါ၍ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းနှင့် ပုပ္ပသီရိမြို့နယ်၊ နေပြည်တော်ကျန်းမာရေးဦးစီးဌာနဝင်းအတွင်းရှိ ဆေးသိုလှောင်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများက ဆေးများသိုလှောင်ဖြန့်ဖြူးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။


 

     ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သိုလှောင်ရုံများအတွင်းထားရှိသော မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ပရိဘောဂများ၊ ကွန်ပျူတာနှင့် ရုံးသုံးပစ္စည်းများ သိုလှောင်ထားရှိပုံ၊ မှတ်တမ်းစနစ်ထားရှိပုံ၊ ဖြန့်ဖြူးထားရှိမှုအခြေအနေများကို ကြည့်ရှု့ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မီးဘေးအန္တရာယ်လုံခြုံရေး ဂရုစိုက်ရန်၊ စနစ်တကျမှတ်တမ်းတင်၍ သိုလှောင်ဖြန့်ဖြူးရန်နှင့် နေပြည်တော်ကောင်စီတွင် အသုံးပြုနေသောကွန်ပျူတာစနစ်သုံး ဆေးဝါးမှတ်တမ်းတင်စနစ်ကို တစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 
 

More Tags