ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ အာရှလူငယ်တံခွန်စိုက် ကြက်တောင်ရိုက်အားကစားပြိုင်ပွဲ ကြည့်ရှု့အားပေး

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် တာဝန်ရှိ သူများလိုက်ပါလျက် အောက်တိုဘာလ (၆)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင် ကျင်းပလျက်ရှိသော ၂၀၁၇ ခုနှစ်၊ အာရှလူငယ် အသက်(၁၇)နှစ်အောက်နှင့် အသက်(၁၅)နှစ်အောက် တံခွန်စိုက်ကြက်တောင်ရိုက် အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု့အားပေးသည်။


 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲဝင် မြန်မာကြက်တောင်ရိုက်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ငယ်ရွယ်စဉ်ကပင် အားကစားပြုလုပ်ခြင်းအားဖြင့် အသက်အရွယ်ကြီးလာသည့် အခါတွင်လည်း ကျန်းမာခြင်းနှင့် ပြည့်စုံသူများဖြစ်လာမည်ဖြစ်ကြောင်း၊ အားကစားပြုလုပ်ခြင်းအားဖြင့် ပြည်သူအများကျန်းမာခြင်းနှင့် ပြည့်စုံလာသည့်အခါတွင် ဆေးရုံသို့သွားရောက်ကုသမှု ခံယူသူနည်းပါး သွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများပိုမိုပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊


 

     လူငယ်များအနေဖြင့် မိမိ၏သူငယ်ချင်းမိတ်ဆွေများကိုလည်း အားကစားစိတ်ဝင်စားမှုရှိလာစေရန် စည်းရုံးကြစေလိုကြောင်း၊ အားကစားထူးချွန်သူများများကို နိုင်ငံတော်မှ လိုအပ်သည်များ ပံ့ပိုးပေးသွား မည်ဖြစ်ပါကြောင်း၊ အားကစားလှုပ်ရှားမှုသည် ကျန်းမာရေးအတွက် ''ဆေး'' တစ်ပါး (Exercise is Medicine) ဖြစ်ပါကြောင်း ပြောကြားသည်။

      ယင်းနောက် အာရှကြက်တောင်အဖွဲ့ချုပ်မှ အုပ်ချုပ်မှုမန်နေဂျာဖြစ်သူ Mr. Chooi Weng Sheng နှင့်တွေ့ဆုံ၍ အိမ်နီးချင်းနိုင်ငံများဖြစ်သော မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ကြက်တောင်ရိုက် အားကစားတိုးတက်မှုများ ရရှိလျက်ရှိကြောင်း၊ ထိုသို့တိုးတက်နေသည်မှာ မည်သို့လုပ်ဆောင်၍ တိုးတက်နေသည်ဖြစ်ကြောင်းကို လေ့လာရန်အတွက် ကိုယ်စားလှယ်များစေလွှတ် လေ့လာရန်အတွက် ညှိနှိုင်း ဆွေးနွေးခဲ့သည်။


 

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စံပြဆေးရုံကြီး၊ သင်္ဃန်းကျွန်းသို့ ရှောင်တခင်သွားရောက်ကာ အရေးပေါ်လူနာကုသမှုဌာနတွင် လူနာလက်ခံကုသပေးနေမှုများကို ကြည့်ရှုခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆေးရုံ၏ ကုသမှုလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဆရာဝန်၊ သူနာပြုများမှ စနစ်တကျကုသပေးနေမှုများ၊ စနစ်တကျ စာရင်းဇယားမှတ်တမ်း ရေးသွင်းနေမှုများ ပြုလုပ်၍ လူနာများ၏ ကျေနပ်နှစ်သက်မှုရရှိစေရန် ဆောင်ရွက်နေမှုများကို တွေ့ရှိရသည့်အတွက် အထူးကျေနပ်ဝမ်းမြောက်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နေမှုများကို ချီးကျူး ဂုဏ်ပြုပါကြောင်းနှင့် ဆက်လက်ထိန်းသိမ်းကြရန် ဖြစ်ပါကြောင်း၊ ထို့သို့ ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် လိုအပ်ချက်များကို ဝန်ကြီးဌာနမှ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်းပြောကြားသည်။


 

     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် တာဝန်ရှိသူများလိုက်ပါ၍ Novotel Hotel၊ Bagan Room တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်မှ တင်ပြသော နိုင်ငံတကာအဆင့်မီ မြန်မာဘောလုံးအားကစားသမားကောင်းများ မွေးထုတ်နိုင်ရေးအတွက် '' Youth Development Proposal '' အား အသေးစိတ်ပြန်လည် ဆွေးနွေးခဲ့ပြီး မြန်မာ့ဘောလုံးအားကစားအပါအဝင် အားကစားလောကတစ်ခုလုံး တိုးတက်စေရေးအတွက် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားဆွေးနွေးခဲ့သည်။


 

     Youth Development Proposal သည်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ဝင် ဘောလုံးအသင်းများပါဝင်သော ငါးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ဖြစ်ပြီး ငယ်ရွယ်စဉ် စာသင်ကျောင်းများမှစတင်၍ ဘောလုံးအားကစားကို လေ့ကျင့်စေပြီး နောက်ပိုင်းတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားများ ဖြစ်သည်အထိ အဆင့်ဆင့်ရွေးချယ် လေ့ကျင့်ပေးသွားမည့်အစီအစဉ်ဖြစ်သည်။

More Tags