ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် မြန်မာနိုင်ငံဆိုင်ရာ ကျူးဘားနိုင်ငံ သံအမတ်ကြီး H.E. Mr. Hector Conde Almeida အားတွေ့ဆုံ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် မြန်မာနိုင်ငံဆိုင်ရာ ကျူးဘားနိုင်ငံ သံအမတ်ကြီး H.E. Mr. Hector Conde Almeida ဦးဆောင်သောအဖွဲ့အား ဖေဖော်ဝါရီလ (၂၂)ရက်နေ့ မွန်းလွဲ (၃:ဝဝ)နာရီ အချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဧည့်ခန်း၌ လက်ခံတွေ့ဆုံပါသည်။

     တွေ့ဆုံရာတွင် ကျူးဘားနိုင်ငံ သံအမတ်ကြီးက ကျူးဘားနိုင်ငံ၏ အချိန်တိုအတွင်း ဇီဝပညာဖွံ့ဖြိုးတိုးတက်မှုရရှိမှုများ၊ ကာကွယ်ဆေးနှင့် ကင်ဆာရောဂါကုသသောဆေးဝါးများ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ပညာရေးနှင့်ကျန်းမာရေးအတွက် ကျူးဘားနိုင်ငံသားများကို အားလုံး အခမဲ့ဆောင်ရွက်ပေးနိုင်မှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုသည် ပထမဦးစားပေးကိစ္စရပ်ဖြစ်ပါသဖြင့် နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ် (၄၀ဝ) ခန့် တက်ရောက်မည့် ကျန်းမာရေးညီလာခံအား ကျူးဘားနိုင်ငံတွင် ၂၀၁၈ခုနှစ်၊ ဧပြီလအတွင်း ကျင်းပမည်ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ပေးပါရန် ဖိတ်ကြားလိုပါကြောင်းနှင့် ကျူးဘား-မြန်မာ-လူဇင်ဘတ် (၃)နိုင်ငံ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကမ်းလှမ်းခြင်းနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ နှစ်နိုင်ငံ အပြန်အလှန်ဖလှယ်ခြင်းကိစ္စရပ်များကို တင်ပြ ဆွေးနွေးခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ကျူးဘား-မြန်မာ-လူဇင်ဘတ် (၃)နိုင်ငံပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ကို စိတ်ဝင်စားပါကြောင်း၊ ကာကွယ်ဆေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လက်ရှိသုံးစွဲနေသော ကာကွယ်ဆေးဈေးနှုန်းများနှင့် နှိုင်းယှဉ်၍ ဝယ်ယူသုံးစွဲရန် စဉ်းစားမည်ဖြစ်ပါကြောင်း၊ ကျူးဘားဆရာဝန် (အထူးကုဆရာဝန်များ) မြန်မာနိုင်ငံသို့ စေလွှတ်ပေးရန်၊ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ကျန်းမာရေးညီလာခံသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

     တွေ့ဆုံပွဲ့သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။

More Tags