ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၏ Assistant Secretary-General Ms. Laura Londen ဦးဆောင်သော UNFPA အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ မေလ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ Assistant Secretary-General Ms. Laura Londen ဦးဆောင်၍ UNFPA Asia-Pacific Regional Director Mr. Bjorn Andersson နှင့် UNFPA မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Ms. Janet Jackson တို့ပါဝင်သောအဖွဲ့ကို မေလ (၁၈) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။


 

     UN Assistant Secretary-General Ms. Laura Londen အဖွဲ့က ကုလသမဂ္ဂလူဦးရေရန်ပုံငွေ UNFPA အဖွဲ့သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း (၄၀) ကျော်ပြီ ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ မိသားစုသားဆက်ခြားစီမံကိန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

     မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Sustainable Development Plan) နှင့် လိုက်လျောညီထွေမှုရှိပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း၊ Sustainable Development Plan တွင် မိခင်သေဆုံးမှု မရှိရေး (Zero Maternal Mortality)၊ မလိုလား၊ မရည်ရွယ်သောကိုယ်ဝန်ဆောင်မရှိရေး (Zero Unintended Pregnancy)၊ ကျား/မ အခြေပြု အကြမ်းဖက်မှုနှင့် အန္တရာယ်ပေးသော အလေ့အကျင့်များမရှိရေး (Zero gender-based violence and harmful practices)၊ နှင့်UNFPA ၏ Strategic Plan (2018-2021) များကို SDG-2030 target များ ရရှိအောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

     သန္ဓေတားနည်းလမ်းများကို လွပ်လပ်စွာရွေးချယ်နိုင်ရေးနှင့် ကျန်းမာရေးဌာနများ၏ မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုသားဆက်ခြားရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း အခြေအနေ လေ့လာဆန်းစစ်မှု စစ်တမ်းမှ ပေါ်ထွက်လာသော တွေ့ရှိချက်များကို သုံးသပ်၍ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးစသည့် ကိစ္စရပ်များကိုဆောင်ရွက်လျက်ရှိကြောင်း၊

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးအသိပညာမြှင့်တက်ရေးလုပ်ငန်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အလေးထားရင်းနှီးမြှုပ်နှံမှုကို အသိအမှတ်ပြုပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ နေရာဒေသအချို့တွင် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုလက်လှမ်းမီရရှိနိုင်ရေးအတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် UNFPA တို့မှ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍများအတွက် လိုအပ်သောဘဏ္ဍာရန်ပုံငွေနှင့် အခြား ထောက်ပံ့ကူညီမှုများကို ဆက်လက်ပေးအပ်မှုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် UNFPA အဖွဲ့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ်လျက်ရှိသော လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်သူ့အားဦးစီးဌာနတို့ကို ကျွမ်းကျင်မှု ဆိုင်ရာနှင့် ဘဏ္ဍာရေးအကူအညီများပေး၍ ပူးပေါင်းဆောင်ရွက်နေမှုသည် အလွန်ကောင်းမွန်ပါကြောင်း၊ UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ နှစ်စဉ် အစီရင်ခံအင်စာ (၂၀၁၇) ခုနှစ်သည် အလွန်ကောင်းမွန်ကြောင်း တွေ့ရှိရပြီး အလုပ်ရုံဆွေးနွေးပွဲနှင့် Seminar ပြုလုပ်၍ အစီရင်ခံစာပါ တွေ့ရှိချက်နှင့် အကြောင်းအရာများကို သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ရန် စီစဉ်ပေးစေလိုကြောင်း၊ UNFPA မှ လုပ်ငန်းလမ်းညွှန်များ၊ လက်စွဲစာအုပ်များပြုစုထုတ်ဝေရန် ထောင်ပံ့ပေးခဲ့မှုကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊

     မိခင်သေဆုံးမှုစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံပြန်ဆောင်ရွက်ခြင်း (Maternal Death Surveillance and Response) မှ တွေ့ရှိချက်များကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆန်းစစ်သုံးသပ်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

     ယခုနှစ်ကို သတင်းအချက်အလက်နှစ် (year of data and information) အဖြစ်သတ်မှတ်၍ သတင်းအချက်အလက်များ မှန်ကန်ရေး၊ လေ့လာဆန်းစစ်အဖြေထုတ်၍ မူဝါဒများ စီမံကိန်းများရေးဆွဲရာတွင် အသုံးပြုရေး စသည်များကိုဆောင်ရွက်နေကြောင်း၊

     ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ စာတက်မြောက်မှုမြင့်မားလာရေးအတွက် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးအပါအဝင် အခြားကျန်းမာရေးဆိုင်ရာ အချက်အလက်များ ပါဝင်သော စံပြုကျန်းမာရေး ဆိုင်ရာ သတင်းအချက်အလက်စာအုပ် (Standardized Health Messages) များကိုထုတ်ဝေ၍ အခြေခံကျန်းမာရေးဝန်ထမ်းများ ထံဖြန့်ဝေထားရှိကြောင်း၊

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် UNFPA နှင့် ပူးပေါင်း၍ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ မိသားစုသားဆက်ခြားစီမံကိန်းများ အပါအဝင် လုပ်ငန်းများအောင်မြင်စေရန် ဆောင်ရွက်သွား မည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။


 

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်) ဒေါက်တာသန်းထွန်းအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး) ဒေါက်တာသောင်းလှိုင်၊ ညွှန်ကြားရေးမှူး (မိခင်/မျိုးဆက်ပွား) ဒေါက်တာလှမြသွေးဣန္ဒြာနှင့် UNFPA Asia-Pacific Regional Director Mr. Bjorn Andersson၊ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. Janet Jackson၊ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Kaori၊ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်ဌာနေကိုယ်စားလှယ် ဒေါက်တာရင်ရင်ထွန်းငွေ၊ သတင်းနှင့်ဆက်သွယ်ရေးကျမ်းကျင်ပညာရှင် Ms. Yenny Gamming နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

More Tags