ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သူနာပြု၊ သားဖွားဆိုင်ရာ သုတေသနဌာနခွဲများ အချိန်တိုအတွင်းဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်သော ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြား

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် မတ်လ (၂၄)ရက်နေ့၊ နံနက်(၉)နာရီတွင် သူနာပြုတက္ကသိုလ်၊ ရန်ကုန်၌ သူနာပြုတက္ကသိုလ်များတွင် သူနာပြု၊ သားဖွားဆိုင်ရာ သုတေသနဌာနခွဲများ အချိန်တိုအတွင်းဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်သော ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားရာတွင် သူနာပြု၊ သားဖွားများ၏ သင်ကြားမှု၊ သင်ယူမှုစနစ်များ၊ နိုင်ငံတကာအဆင့်မီ တိုးတက်စေရေး ကျောင်းသား/ကျောင်းသူများအနေဖြင့် ဘွဲ့ကြို၊ ဘွဲ့လွန် သုတေသနများပြုလုပ်၍ မိမိတို့ဘဝတက်လမ်းအတွက် မဟာဘွဲ့များနှင့်ပါရဂူဘွဲ့များ ရရှိနိုင်ရေးစသည်တို့မှာ သုတေသနပြုလုပ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများဖြစ်ပါကြောင်း၊

 

     လက်တွေ့သူနာပြုစုမှုလုပ်ငန်းများတိုးတက်စေရေး၊ လူနာများ၏စိတ်ကျေနပ်နှစ်သက်မှုနှင့် သူနာပြု၊ သားဖွားများ၏လုပ်ငန်းခွင်ပျော်ရွှင်မှု တိုးတက်ရရှိစေရေးစသည်တို့နှင့် ၄င်းတို့ကို ဖြစ်ပွားစေသည့် အခြေခံအကြောင်းအရင်းများကိုလည်း သုတေသနပြုလုပ်ခြင်းအားဖြင့် ပိုမိုသိရှိ နိုင်မည်ဖြစ်ပြီး တိုးတက်အောင် ပြုလုပ်နိုင်မည့်အချက်များကို သက်သေသာဓကနှင့်တကွ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

   သုတေသနပြုလုပ်ခြင်းဖြင့် သုတေသနပြုလုပ်သူများအနေဖြင့်လည်းကောင်း၊ သုတေသန ပြုလုပ်ခံရသော လူ၊ ပုဂ္ဂိုလ်၊ အကြောင်းအရာအနေဖြင့်လည်းကောင်း၊ သူနာပြု၊ သားဖွားကဏ္ဍ တစ်ရပ်လုံးတိုးတက်စေရေးအတွက်လည်းကောင်း၊ ပြည်သူများနှင့် ဆေးရုံတက်လူနာများအတွက် အဆင့်မီကျန်းမာရေးစောင့်ရှောက်မှုများရရှိလာမည်ဖြစ်ပြီး လူနာများ၏စိတ်ကျေနပ်မှုကိုရရှိနိုင်မည် ဖြစ်၍ အဘက်ဘက်မှအကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

 

     ယင်းနောက် သူနာပြုတက္ကသိုလ်-ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာမြတ်သန္တာက သူနာပြု သုတေသနဘာသာရပ်သင်ကြားမှုနှင့် သုတေသနလုပ်ဆောင်မှုများအား ရှင်းလင်းတင်ပြပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၊ ကျန်းမာရေး လူစွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်တင်တင်လေးနှင့် တက်ရောက် လာကြသော အငြိမ်းစားကျွမ်းကျင်ပညာရှင်များက ဝိုင်းဝန်းဆွေးနွေးကြသည်။

 

     ယခုသူနာပြု၊ သားဖွားဆိုင်ရာ သုတေသနဌာနခွဲ (Clinical Research Unit) များကို ရန်ကုန်နှင့် မန္တလေးရှိ သူနာပြုတက္ကသိုလ်များတွင် စတင်ထူထောင်နိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးမှ အသေးစိတ်ဆောင်ရွက်ရန်များကို လမ်းညွှန်မှာကြားခဲ့သည်။

       အဆိုပါ သုတေသနဌာနခွဲများ ထူထောင်နိုင်ရန်အတွက် ဆေးသုတေသနဦးစီးဌာနနှင့် အငြိမ်းစားကျွမ်းကျင်ပညာရှင်များမှလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

More Tags