ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး၏ ပကတိမြေပြင်အခြေအနေတွင် ကျန်းမာရေး ဝန်ဆောင်မှုများပေးနေသည်ကို ရှောင်တခင်ဝင်ရောက်ကြည့်ရှု

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ မေလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး ကုတင်(၂၀၀) ၏ ပကတိမြေပြင်အခြေအနေတွင် လူနာများအား ကျန်းမာရေးဝန်ဆောင်မှုပေးနေသည်များကို ရှောင်တခင် ဝင်ရောက်ကြည့်ရှုသည်။


 

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံအတွင်း ကလေးလူနာဆောင်၊ သားဖွားမီးယပ်ရောဂါကုလူနာဆောင်၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ဓါတ်မှန်ဌာန၊ မျက်စိရောဂါကုသဆောင်နှင့် အရေးပေါ် ဖြစ်စဉ်များဖြစ်ပွားပါက လူနာများထားရှိရန်အဆောင်တို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး ပကတိလက်တွေ့အခြေအနေတွင် ကျန်းမာရေးဝန်ဆောင်မှုပေးနေမှုများနှင့် လူနာများ၏အခက်အခဲများ၊ ဝန်ထမ်းများ၏ လိုအပ်ချက်တင်ပြမှုများကို တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ချက်ခြင်းဆောင်ရွက်ရန်လိုအပ်သည်များကို ချက်ခြင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်လမ်းညွှန်မှာကြားခဲ့ရာတွင် လှိုင်သာယာဆေးရုံကြီးသည် အချက်အချာကျသည့်နေရာတွင်ရှိပြီး ဆေးရုံကြီး၏ဧရိယာတွင် လူဦးရေများပြားသည့်အပြင် လူနာများအနေဖြင့် ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက် ဆေးကုသမှုခံယူရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အပါအဝင် အခက်အခဲများစွာရှိပါကြောင်း၊ ထိုအခက်အခဲများ သက်သာလျော့နည်း၍ ရန်ကုန်ဆေးရုံကြီးနှင့်အလားတူ ကုသစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် လှိုင်သာယာဆေးရုံကြီး၏ ကုသမှုပိုင်းဆိုင်ရာနှင့် အထွေထွေဝန်ဆောင်မှုပိုင်းဆိုင်ရာ အခြေအနေ၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင် ပျော်ရွှင်စွာတာဝန်ထမ်းဆောင်နိုင်မည့်အခြေအနေ စသည်တို့နှင့်ပတ်သက်၍ ဘက်ပေါင်းစုံ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်သောအဖွဲ့မှလည်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ ယခုထက်ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လှိုင်သာယာဆေးရုံကြီးနှင့် ကျန်းမာရေးဌာနများအား ကွင်းဆင်း၍ အလုံးစုံခြုံငုံသုံးသပ်မှုများပြုလုပ်ပြီး ဝန်ကြီးဌာနသို့ အစီရင်ခံစာ မကြာမီတင်ပြသွားရမည်ဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှုများပေးခဲ့ပြီး လူနာများ၊ လူနာစောင့်များ၊ ဝန်ထမ်းများမှလည်း လိုအပ်ချက်များကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။

 
 
 
 

More Tags