ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တို့သို့ သွားရောက်၍ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်

        ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇူလိုင်(၁၇)ရက်နေ့တွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်နှင့်အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Centre အစည်းအဝေး ခန်းမတွင် ဓာတ်မှန်ဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသန်းသန်းဆင့်၊ ဓာတ်မှန်ဆရာဝန်များနှင့် ဓာတ်မှန်ကျွမ်းကျင်သူများအား တွေ့ဆုံကာ ရောဂါရှာဖွေရေးလုပ်ငန်းဆောင်ရွက်မှုများ၊ လုပ်ငန်းခွင်တွင် ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် ဘဝတက်လမ်းတိုးတက်ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ တင်ပြမှုများအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။


 

            ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအစည်းအဝေးခန်းမတွင် ရန်ကုန်မြို့ရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ ဒုတိယဆေးရုံအုပ်များအားတွေ့ဆုံကာ ယခုဘဏ္ဍာနှစ်သည် ကုသရေးဆိုင်ရာဘက်စုံဝန်ဆောင်မှုများ တိုးတက်စေရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေကို အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်နှစ် ဖြစ်ပါကြောင်း၊ ဆေးရုံတက်ရောက်သော လူနာများ သက်သာချောင်ချိရေးအတွက် စျေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်မည့် ဆေးဆိုင်နှင့်စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်ရေးအတွက် ဆေးရုံကြီးကြပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် အဆင်ပြေမှု ရှိစေရန် ဝန်ကြီးဌာနမှ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတာဝန်ကျသောဆေးရုံကို မိမိကိုယ်ပိုင်ဆေးရုံကဲ့သို့ သဘောထားကာ ဆောင်ရွက်စေလိုပါကြောင်းဖြင့်ပြောကြားပြီး တင်ပြမှုများအပေါ် လိုအပ်ချက် များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


 

           မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လမ်းမတော်မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်သို့ရောက်ရှိပြီး ကျောင်းသားများအဆင်ပြေချောမွေ့စွာ သင်ကြားလေ့လာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

More Tags