ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မကွေးတိုင်းဒေသကြီးအတွင်း ဆေးရုံများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ မတ်လ (၃၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ်လ (၃၁) ရက်နေ့ နံနက် (၈:၃၀) နာရီတွင် ဆေးတက္ကသိုလ်၊ မကွေးသို့ ရောက်ရှိကာ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ပညာရေးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးမှ ‌ဆေးတက္ကသိုလ်၊ မကွေးတွင် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။


 

     ဆက်လက်၍ ဆေးတက္ကသိုလ်၊ မကွေး၏ (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် ဘွဲ့ရမောင်မယ်များသည် ရိုးသားမှုနှင့်ပြည့်စုံခြင်း၊ တစ်ဘက်သတ် ငြင်းခုံခြင်းထက် တစ်ဦးနှင့်တစ်ဦး အလျော့အတင်းအပေးအယူပြုလုပ်ဆက်ဆံဆောင်ရွက်ခြင်း၊ တစ်ဦးကိုတစ်ဦးကအပြန်အလှန်နားလည်ခြင်း၊ လေးစားခြင်း၊ အမြင်ချင်းဖလှယ်ခြင်း၊ ပကတိမြေပြင်အခြေအနေ များအားထည့်သွင်းစဉ်းစားခြင်းစသော အလေ့အထများကို များနိုင်သမျှများအောင် လေ့ကျင့်တည်ဆောက်၍ မိမိတို့ဘဝတိုးတက်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတာဝန်ကို အနည်းဆုံး (၃)နှစ်ခန့် အလုပ်ဝင်ရောက် ထမ်းဆောင်ကြစေလိုပါကြောင်း၊ မိမိတို့ကိုယ်တိုင်၏ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြရန်မှာကြားလိုကြောင်းဖြင့် ပြောကြားပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ်ရှိ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)၊ ကွင်းဆင်းလေ့ကျင့်ရေးဌာန၊ တောစိမ့်သို့ရောက်ရှိပြီး ပညာရေးအဖွဲ့နှင့် ဝန်ထမ်းများအား တွေ့ဆုံပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုအချိန်ကာလ၌ ပြည်သူ့ကျန်းမာရေးကဏ္ဍတိုးတက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍတိုးတက် မှသာ ဆေးရုံသို့လာရောက်ကုသသူနည်းပါး၍ ဆေးရုံရှိ ဆရာဝန်၊ ဆရာမများမှလည်း နည်းပါးသောလူနာများကို အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နိုင်မည်ဖြစ်၍ နိုင်ငံတော်ဘဏ္ဍာငွေ ကုန်ကျမှုများ သက်သာမည့်အပြင် ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း ယခုထက်ပိုမိုမြင့်မားလာမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းလေ့ကျင့်သင်ကြားမှုနှင့် ပတ်သက်သော သင်ရိုး ညွှန်းတမ်းများ၊ သင်ကြားမှုအခြေအနေ၊ သင်ကြားမှုပတ်ဝန်းကျင်၊ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ၏ လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကွင်းဆင်းလုပ်ငန်း တွင် အသုံးပြုရန်လိုအပ်လျက်ရှိသော မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အခြေခံကျန်းမာရေးတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များတွင် ရှိသော ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနများ ချိတ်ဆက်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ထွက်ပေါ်လာမည့်ဘွဲ့ရများအတွက် အလုပ်ခွင်ဝင်ရောက်သည့်အခါ ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် ဘဝ တက်လမ်းတို့အား အသေးစိတ်လမ်းညွှန်မှာကြားပါသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ၊ လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက အသီးသီး အကြံပြုတင်ပြကြပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေစက်တော်ဘုရားပွဲတော်တွင် ဘုရားဖူးပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးခန်းသို့သွားရောက်ကြည့်ရှု၍ ဘုရားဖူးလာ ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများ၊ ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လူနာလွဲပြောင်း ကုသနိုင်ရန် စီစဉ်ထားရှိမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေးကာ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧပြီလ (၁) ရက်နေ့တွင် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံသို့ရောက်ရှိကာ ပြင်ပလူနာဌာနနှင့် လူနာဆောင်များ၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းနှင့် ဆေးရုံအိမ်သာများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆေးသိုလှောင်ခန်းနှင့် ဆေးဝါးပစ္စည်းများ စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိအခြေအနေ၊ ကုတင်(၅၀)အဆင့်သို့ တိုးမြှင့်နိုင်ရန်အတွက် ဆေးရုံကုတင်သုံးစွဲမှု အခြေအနေနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းတို့အား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။


 

     ထို့နောက် နေ့လည်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိကြပြီး ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ဆေးရုံတွင်ဆောင်ရွက်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့်လိုအပ်ချက်များကိုလာရောက်၍ ဖြည့်ဆည်းပေးခြင်းဖြစ်ပါသဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြရန်ဖြစ်ပါ ကြောင်း၊ တိုက်နယ်၊ မြို့နယ်အဆင့်မှ ဗဟိုသို့ ဆေးဝါးပစ္စည်းအဆင့်ဆင့်တင်ပြတောင်းခံခြင်းစနစ် (Indent System) နှင့် ပြုပြင်ထိန်းသိမ်းရန်ပုံငွေ တင်ပြတောင်းခံသည့်စနစ်များကို လမ်းညွှန်စာအုပ်နှင့် စံလုပ်ထုံးလုပ်နည်းများထုတ်ဝေ၍ အားလုံးအလွယ်တကူသိရှိဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်းဖြင့်ပြောကြားပါသည်။ထို့နောက် အတူလိုက်ပါလာကြသည့်ပုဂ္ဂိုလ်များက အကြံပြုတင်ပြချက်များအသီးသီး ပြောကြားပြီး ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများကလိုအပ်သည်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေး၊ ရေရရှိရေး၊ ဆရာဝန်နှင့် အငယ်တန်းဝန်ထမ်းအင်အား ဖြည့်တင်းနိုင်ရေးတို့ကို လမ်းညွှန်ဖြည့်ဆည်းပေးပြီး ရေရှည်တွင်ဆောင်ရွက်ရမည့်ကိစ္စများအားလည်း ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆေးရုံတွင်းလှည့်လည်စစ်ဆေးကြည့်ရှုခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် နတ်မောက်မြို့သို့ရောက်ရှိကာ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုကြပါသည်။ ဆက်လက်၍ နတ်မောက်မြို့ ပြည်သူ့ဆေးရုံ သို့သွားရောက်ပြီး အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများစနစ်တကျထားရှိမှု၊ ကုသရေးလုပ်ငန်းများအခြေအနေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်မှန်/ဓာတ်ခွဲစက်များအခြေအနေနှင့် လူနာများစိတ်ချမ်းမြေ့စွာဖြင့် ကုသမှုခံယူနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နတ်မောက်ဆေးရုံဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မကြာမီ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)ဦးဆောင်သော ဘက်ပေါင်းစုံလွှမ်းခြုံသုံးသပ်မည့်အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး ဆေးရုံအား ယခုထက်ပိုမိုအဆင့်မြှင့်တင်နိုင်ရေးနှင့် နိုင်ငံခေါင်းဆောင် ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် နတ်မောက်ဆေးရုံအတွက် အမြန်ဆုံးအကောင်းဆုံးဖြစ်စေရန်ဆောင်ရွက်ပေးနိုင်ရေး အသေးစိတ်လမ်းညွှန်မှာကြားခဲ့ပါသည်။

 

More Tags