ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နှလုံးနှင့်သွေးကြောရောဂါဆေးပညာဘာသာရပ်၊ နှလုံးနှင့် သွေးကြောရောဂါခွဲစိတ်ကုဘာသာရပ်၊ ဦးနှောက်နှင့်အာရုံကြောရောဂါဆေးပညာ ဘာသာရပ်နှင့် ဦးနှောက်နှင့်အာရုံကြော ရောဂါခွဲစိတ်ကု ဘာသာရပ်များမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇန်နဝါရီလ (၁၄) ရက်နေ့၊ နံနက် (၉) နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Centre ၌ နှလုံးနှင့်သွေးကြော ရောဂါဆေးပညာ (Cardiac-Medicine) ဘာသာရပ်၊ နှလုံးနှင့် သွေးကြောရောဂါခွဲစိတ်ကု (Cardiac-Surgery) ဘာသာရပ်၊ ဦးနှောက်နှင့် အာရုံကြောရောဂါဆေးပညာ (Neuro-Medicine) ဘာသာရပ်နှင့် ဦးနှောက်နှင့်အာရုံကြောရောဂါခွဲစိတ်ကု (Neuro-Surgery) ဘာသာရပ်များမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။


 

      ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုကဲ့သို့ ဆေးလက်တွေ့ပညာရပ်များမှ ပါမောက္ခ/ ဌာနမှူးများနှင့် အထူးကုဆရာဝန်ကြီးများအား လာရောက်တွေ့ဆုံသည်မှာ သက်ဆိုင်ရာဘာသာရပ် (Clinical Domain) အလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးလို၍ဖြစ်ပါကြောင်း၊ ဆေးလက်တွေ့ဘာသာရပ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအားဖြင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် လုပ်ငန်းစွမ်းဆောင်ရည်များနှင့် အရည်အသွေးပိုမိုတိုးတက်လာပြီး ပြည်သူများ၏ ကျန်းမာရေးကို ယခုထက်ပိုမိုထိရောက်စွာ စောင့်ရှောက်နိုင်ရန်ဖြစ်ပါကြောင်း၊ ယခုနှစ်ဦးပိုင်းတွင် ဆေးလက်တွေ့ ဘာသာရပ် များကို ဘာသာရပ်အလိုက် တွေ့ဆုံပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိရာ စီမံခန့်ခွဲမှုဆိုင်ရာ၊ ဝန်ထမ်းရေးရာ၊ ဆေးနှင့်ဆေးပစ္စည်းလိုအပ်မှုဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ၊ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် လုပ်ငန်းခွင် ပျော်ရွှင်စွာလုပ်ကိုင်နိုင်ရေးဆိုင်ရာစသည့် ရှုထောင့်များမှ လိုအပ်သည်များကိုတင်ပြပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ပါမောက္ခ/ ဌာနမှူးများနှင့် အထူးကု ဆရာဝန်ကြီးများက အသီးသီး လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအလိုက် ချက်ချင်းဖြည့်ဆည်းပေးနိုင်သည့်ကိစ္စရပ်များကို ချက်ချင်းဖြည့်ဆည်းပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အဆင့်လိုက်၊ အပိုင်းလိုက် ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်း ပေးခဲ့သည်။


 

     တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး၊ ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး၊ ကုသရေးဦးစီးဌာန)၊ ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးတက္ကသိုလ်မန္တလေးနှင့် နေပြည်တော် ခုတင် (၁၀ဝ၀) အထွေထွေရောဂါကုဆေးရုံကြီးများမှ သက်ဆိုင်ရာဆေးလက်တွေ့ ဘာသာရပ်ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ တာဝန်ရှိသူများ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ပါသည်။

 

 
 

More Tags