ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ဆေးလူမှုဆက်ဆံရေးလုပ်ငန်း နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခြင်း

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် မတ်လ (၂၆) ရက်နေ့ နံနက်(၉)နာရီတွင် သူနာပြတက္ကသိုလ်-ရန်ကုန်၌ ကျင်းပပြုလုပ်သော ဆေးလူမှု ဆက်ဆံရေးလုပ်ငန်း နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားကို နှစ်(၆၀)ပြည့် အခမ်းအနားအနေဖြင့် ကျင်းပခြင်းကို ဝမ်းသာ ဂုဏ်ယူပါကြောင်းနှင့် ဆက်လက်ပြီး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ လူနာများအနေဖြင့် ဝေဒနာတစ်ခုခုခံစားရ၍ ဆေးရုံသို့ ရောက်ရှိလာခိုက်တွင် ကောင်းမွန်စွာဖြင့် ကုသမှုခံယူရန်နှင့် ကောင်းမွန်စွာ ဆက်ဆံခံရရန် မျှော်လင့်တတ်ကြသဖြင့် ဆေးလူမှုဆက်ဆံရေးမှူးများအနေဖြင့် အဆိုပါလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးကြရန် လိုအပ်ပါကြောင်း၊

 

       သူနာပြု၊ သားဖွားအသင်းများရှိသကဲ့သို့ ဆေးလူမှုဆက်ဆံရေးအသင်းလည်းရှိစေချင်ပြီး လုပ်ဆောင် ရာတွင်လည်း စနစ်တကျရှိရန် လိုအပ်ပါကြောင်း၊ ဆေးလူမှုဆက်ဆံရေး၏အရေးပါမှုကို ပြည်သူများ သိရှိကြ ရန်လည်းအရေးကြီးပါကြောင်း၊ ဆေးလူမှုဆက်ဆံရေးအနေဖြင့် လူနာများကို မိမိတို့မိသားစုသဖွယ် သဘောထား ဆက်ဆံလမ်းညွှန်ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ လူနာများအနေဖြင့် ဆေးရုံတက်ရောက်ရာ တွင်လည်းကောင်း၊ ဆေးကုသမှုခံယူစဉ်နှင့် ဆေးရုံဆင်းချိန်တို့တွင်လည်း စိတ်ကျေနပ်နှစ်သက်မှုရရှိမည် ဖြစ်ပါကြောင်း၊

       ဆေးရုံကြီးများရှိ Hospital Reception Counter များ၌လည်း ဧည့်ကြိုအမျိုးသမီးများကို ခန့်အပ် ထားပြီးဖြစ်ပါကြောင်း၊ နှီးနွယ်ဌာနများ၊ လူမှုရေးဝန်ကြီးများ၊ သာရေးနာရေးအသင်းများ၊ အလှူရှင်များ၊ မီဒီယာများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါ‌ကြောင်း၊ လူနာများ၏ စိတ်ချမ်းသာမှုကိုသာမက လူနာရှင် မိသားစုများ၏အရေးကိုပါ ဂရုစိုက်ပေးရန်လိုအပ်ပါကြောင်းဖြင့်ပြောကြားသည်။

       ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး၊ ဆေးလူမှုဆက်ဆံရေး(အငြိမ်းစား) ဒေါ်ယုဇနကျင်က ကျေးဇူးတင်စကားပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပါသည်။

 

       ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသည့် ဆေးလူမှုဆက်ဆံရေးဆိုင်ရာပြခန်းငယ်အား ကြည့်ရှုအားပေးပါသည်။

 

       ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန်၊ ဝန်ထမ်းများ စည်းလုံးညီညွတ်မှု ပိုမိုရရှိပြီး တက်ကြွစွာတာဝန်ထမ်းဆောင်ကြစေရန်၊ ဆေးလူမှုဆက်ဆံရေးအသင်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါသည်။

     အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနနှင့် ဥပဒေ ပညာဌာနတို့မှ ပါမောက္ခ/ဌာနမှူးများ၊ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ ဆေးလူမှုဆက်ဆံရေးအငြိမ်းစားအရာရှိကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တို့မှ ဆေးလူမှုဆက်ဆံရေးအရာရှိ/ဆေးလူမှု ဆက်ဆံရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်‌ရောက်ကြပါသည်။

More Tags