ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဆေးရုံကြီးများသို့ သွားရောက်ကြည့်ရှု

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသာထွန်းကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၁၁) ရက်နေ့ နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံပါသည်။


 

     ထိုသို့တွေ့ဆုံရာတွင် ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ဆေးရုံကြီးနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ တက်ရောက်လာကြသော အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက မိမိတို့ ဌာနအလိုက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆေးရုံအတွက် မီနီဘတ်(စ်)ကား တစ်စီးကိုခွင့်ပြုပေးခဲ့ခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးများကို ပြတ်လပ်ခြင်းမရှိစေရန် ညှိနှိုင်းပေးခြင်း၊ သင်ကြားရေးဆေးရုံအဖြစ် ခွင့်ပြုပေးရန် တောင်းခံခြင်းကို ညှိနှိုင်း‌ပေးခြင်း၊ လိုအပ်လျက်ရှိသော လက်ထောက်ဆေးရုံအုပ်(သို့မဟုတ်) ဒုဆေးရုံအုပ် နေရာအတွက် ဖြည့်ဆည်းပေးခြင်း၊ Mammogram စက်အား ယခုနှစ်တင်ဒါတွင် တစ်ပါတည်း ဝယ်ယူနိုင်ရန် ညှိနှိုင်း‌ပေးခြင်း၊ သားဖွားသင်တန်းကျောင်း မြေနေရာ တိုးချဲ့လိုသည့်ကိစ္စကို ညှိနှိုင်းပေးခြင်း၊ Therapeutic Manual စာအုပ်များနှင့် Emergency Treament စာအုပ်များ ကိုဆေးရုံအားလုံးသို့ ဖြန့်ဝေပေးရန် ညွှန်ကြားခြင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှ တောင်းခံသော အုပ်ချုပ်မှုယာဉ်တစ်စီး ထောက်ပံ့ပေးခြင်းတို့ အသေးစိတ် လမ်းညွှန် စီစဉ်ဆောင်ရွက်ပေးပါသည်။

     ထို့အပြင် ဝန်ထမ်းများ၏ အထွေထွေသက်သာချောင်ချိရေး ကိစ္စရပ်များ၊ ဝန်ထမ်းအိမ်ရာ ရရှိရေး၊ ဆေးရုံတွင် စျေးနှုန်းသက်သာသော စားသောက်ဆိုင်များဖွင့်လှစ်ရေး၊ အရည်အသွေး ပြည့်မီပြီး စျေးနှုန်းမှန်ကန်သော ဆေးဆိုင်များဖွင့်လှစ်ရေး၊ လူနာများနှင့်မိသားစုများအတွက် အလွယ်တကူဝယ်ယူသုံးစွဲနိုင်မည့် စတိုးဆိုင်ငယ်များ ဖွင့်လှစ်နိုင်ရေး အသေးစိတ်လမ်းညွှန် ညှိနှိုင်းပေးခဲ့ပါသည်။ ယင်းနောက် ဆေးရုံအတွင်း ကုသရေး၊ ရောဂါရှာဖွေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာလ(၁၂) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ မြောက်ဥက္ကလာပ၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိ၍ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပါသည်။


 

     ထိုသို့တွေ့ဆုံရာတွင် ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ဆေးရုံကြီးနှင့်ပတ်သက်၍ ဝန်ထမ်းအင်အား၊ လူနာဆောင်နှင့် ဌာနများ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဝန်ထမ်းအိမ်ရာအခြေအနေတို့အား တင်ပြပြီး၊ တက်ရောက်လာသော ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက လိုအပ်ချက်များ ကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက အရေးပေါ်လိုအပ်လျက်ရှိသော 400KVA Transformer (1) လုံးကို ယခုနှစ်တွင် ဝယ်ယူနိုင်ရေး ညှိနှိုင်းပေးခြင်း၊ သူနာပြုများ ဦးစားပေးခန့်အပ်ပေးမည်ဖြစ်ခြင်း၊ OT Complex (၆)ထပ်ဆောင် အမြန်ပြီးစီးစေရန် ဘက်စုံထောက်ပံ့ပေးမည်ဖြစ်ခြင်း၊ ဆေးရုံကြီးအဆင့်မြှင့်တင်ရန် Master Plan ရေးဆွဲရာ၌ လိုအပ်သောရန်ပုံငွေ ထောက်ပံ့ပေးမည်ဖြစ်ခြင်း၊ လုံခြုံရေးနှင့် သန့်ရှင်းရေးကို ပြင်ပကန်ထရိုက် ဖြင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းခွင့်ပြုပေးမည်ဖြစ်ခြင်း၊ Cardiac Cath-lab တစ်ခု ဦးစားပေး ထောက်ပံ့ပေးမည်ဖြစ်ခြင်း၊

     တိုင်းနှင့်ပြည်နယ်များတွင် နှလုံးအထူးကြပ်မတ်ကုသယူနစ်များ ဖွင့်လှစ်နိုင်ရေးကို အဆင့်လိုက်ဆောင်ရွက်မည့် အစီအစဉ်ကိုညှိနှိုင်းခွင့်ပြုပေးမည်ဖြစ်ခြင်း၊ တိုင်းနှင့်ပြည်နယ် ဆေးရုံများတွင် ဦးနှောက်သွေးကြောပိတ်သူများ၊ နှလုံးသွေးကြောပိတ်သူများကို ဆက်လက် ကုသပေးရာတွင် အဆင်ပြေစေရန် INR စက်များကို ဓါတ်ခွဲခန်းများတွင် အဆင့်အလိုက် ညှိနှိုင်းတတ်ဆင်ပေးမည်ဖြစ်ခြင်း၊ စက်များနှင့် ဆေးပစ္စည်းကိရိယာများ ဝယ်ယူနိုင်ရေးအတွက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)တို့ ပါမောက္ခ/ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများနှင့် ညှိနှိုင်း၍ ဘက်စုံလိုအပ် ချက်များကို ဆန်းစစ်လေ့လာသုံးသပ်၍ ထောက်ပံ့ပေးမည်ဖြစ်ခြင်း၊ သီတာဆောင်တွင် ဓါတ်လှေခါး ထပ်မံတပ်ဆင်နိုင်ရန် အင်ဂျင်နီယာအဖွဲ့ စေလွှတ်ပြီး ဆန်းစစ်လေ့လာ သုံးသပ်၍ ဖြစ်နိုင်ပါက ညှိနှိုင်းခွင့်ပြုပေးမည်ဖြစ်ခြင်း၊

     Isolation word လိုအပ်ချက်များနှင့် ပါတ်သက်ပြီး ယာယီအဆောက်အအုံများနှင့် ပြုလုပ်ရန် ဖြစ်နိုင်၊ မဖြစ်နိုင် ပြန်လည်တင်ပြရန် လမ်းညွှန်ခြင်း၊ နှလုံးခွဲစိတ်ဌာနတွင် ကုမ္ပဏီမှ ငှားရမ်းထားသော ပစ္စည်းများကို ဝယ်ယူနိုင်ရေး ကုမ္ပဏီနှင့် ညှိနှိုင်းရန် လမ်းညွှန်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပညာရပ်ဆိုင်ရာ ဆက်သွယ်မှုကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် လမ်းညွှန်ခြင်း၊ (20 in 1) RO စက် ကိုကျောက်ကပ်ကုဌာနအတွက် ယခုဘဏ္ဍာနှစ်တွင် ဝယ်ယူရန်နှင့် ကျောက်ကပ်ကုဌာနအတွက် လိုအပ်သော Ultrasonogram (USG)စက် ထောက်ပံ့ပေးရန်လမ်းညွှန်ခြင်း၊ အရေပြားဌာနတွင် လိုအပ်လျက်ရှိသော သီးသန့် အဆောင်ငယ်တစ်ခု တိုးချဲ့ရေးအတွက် ပြင်ထိန်းရန်ပုံငွေဖြင့် ခွင့်ပြုပေးနိုင်ရန် လမ်းညွှန်ခြင်း၊ လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာများ တွက်ချက်တင်ပြရန် လမ်းညွှန်ခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။

     ထို့အပြင် ဝန်ထမ်းများ၏ အထွေထွေသက်သာ ချောင်ချိရေးကိစ္စရပ်များ၊ ဆေးရုံတွင် စျေးနှုန်းသက်သာသော စားသောက်ဆိုင်များဖွင့်လှစ်ရေး၊ အရည်အသွေးပြည့်မီပြီး စျေးနှုန်းမှန်ကန်သော ဆေးဆိုင်များဖွင့်လှစ်ရေး၊ လူနာများနှင့် မိသားစုများအတွက် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်မည့် စတိုးဆိုင်ငယ်များ ဖွင့်လှစ်နိုင်ရေး အသေးစိတ်လမ်းညွှန် ညှိနှိုင်းပေးခဲ့ပါသည်။ ထို့နောက်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ထားရှိပြီး မကြာမီဖွင့်လှစ်မည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံအား သွားရောက်၍ လူနာခုတင်များနှင့် ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေ၊ လူနာများဆေးရုံတက်၊ ဆေးရုံဆင်းရာတွင် ဝင်/ထွက် သွားလာရေးလွယ်ကူစေရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ သားဖွားမီးယပ် ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများမှ အလှည့်ကျ အစီအစဉ်ဖြင့် လူနာများကို လာရောက် ကြည့်ရှုကုသမှုပေးနိုင်ရေး လမ်းညွှန်ပေး၍ လူနာခန်း၊ သားဖွားခန်း၊ ခွဲစိပ်ခန်းများ ဖွဲ့စည်းထား ရှိမှုတို့အား လှည့်လည်ကြည့်ရှုကာ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များကို အသေးစိတ် လမ်းညွှန်ညှိနှိုင်းပေးခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ပုဂ္ဂလိကပိုင် ပင်လုံဆေးရုံကြီး၌ ကျောက်ကပ် အစားထိုးကုသမှုများ ဆောင်ရွက်နိုင်ရန် တင်ပြလာမှုနှင့် ပတ်သက်၍ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အထူးကုဆေးရုံကြီး၊ ရန်ကုန်မှဆေးရုံအုပ်ကြီး၊ ကျောက်ကပ်ဆိုင်ရာ သမားတော်ကြီးများနှင့် ခွဲစိပ်ကုဆရာဝန်ကြီးများ၊ ဥပဒေရေးရာ ဆေးပညာရှင်ကြီးများ မြန်မာနိုင်ငံဆေးကောင်စီမှ တာဝန်ရှိသူများ ပါဝင်၍ ညှိနှိုင်းအစည်း အဝေးကို ကျင်းပခဲ့ပါသည်။

 
 

More Tags