ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကြည့်ရှုစစ်ဆေး

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးနှင့် ဒေသန္တရကျန်းမာရေးဌာနသို့ ရောက်ရှိပြီး သွားနှင့်ခံတွင်းဆိုင်ရာကုသခန်း၊ မိခင်ကလေးကျန်းမာရေးဌာနနှင့် ကာကွယ်ဆေးသိုလှောင်ခန်းတို့အား ကြည့်ရှု့စစ်ဆေးသည်။


 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများအားတွေ့ဆုံကာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် စာရင်းဇယားသည် အသက်သဖွယ်အရေးကြီးပါကြောင်း၊ စာရင်းဇယားများတိကျ မှန်ကန်စွာရရှိစေရေးဆောင်ရွက်ရန်နှင့် စာရင်းဇယားအချက်အလက်ကို သတင်းအချက် အလက်အဆင့်သို့ ကူးပြောင်းကြရမည်ဖြစ်ကြောင်း၊ သို့မှသာလျင် ၄င်းအချက်အလက်များကို အသုံးပြု၍ရေးဆွဲရသော မူဝါဒနှင့်မဟာဗျူဟာ ၊ နည်းဗျူဟာများသည် လက်တွေ့ကျမှန်ကန် ပြီး ပြည်သူအတွက် လက်တွေ့အကျိုးရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊

     ယခုအခါ မကူးစက်တတ်သောရောဂါများ ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရှိရပါကြောင်း၊ ဒေသန္တရဆေးခန်းများ၊ ကျေးလက်ကျန်းမာရေးဌာနများတွင် ဖွင့်လှစ်သော ပြည်သူလူထု အခြေပြု ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ အောင်မြင်စွာဆောင်ရွက်နိုင်မှု ၊ ပြည်သူ များ ကျန်းမာရေးအသိပညာမြင့်မားမှုရှိမှသာ အဆိုပါမကူးစက်တတ်သော ရောဂါများ ဖြစ်ပွားမှု ကျဆင်းသွားနိုင်မည်ဖြစ်ပါကြောင်း၊

     မိမိတို့ဆောင်ရွက်သောလုပ်ငန်းများအားလုံးသည် ပြည်သူအတွက် အရေးကြီးသည်ဟု ခံယူကာ လေးလေးစားစား ဆောင်ရွက်ကြပြီး အသင်းအဖွဲ့ စိတ်ဓါတ်ဖြင့် စုစုစည်းစည်း၊ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်ပြောကြားသည်။

     ထို့နောက် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက တိုင်းဒေသကြီးအတွင်း ကျန်းမာရေး စောင့်ရှောက်မှုများအားလည်းကောင်း၊ ခရိုင်အဆင့်တာဝန်ရှိသူများက လိုအပ်ချက်များအား လည်းကောင်း တင်ပြကြရာ တင်ပြတောင်းခံချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင် သည့်ကိစ္စများကို ပြည်ထောင်စုဝန်ကြီးက ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ရေရှည် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စများကို အပိုင်းလိုက်၊ အဆင့်လိုက်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခဲ့သည်။


 

     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရာတော်မြို့နယ်၊ ပြည်သူ့ ဆေးရုံ၏ ဆေးသိုလှောင်ခန်း၊ ပြင်ပလူနာဌာနနှင့် လူနာဆောင်များ၊ ဓါတ်မှန်ခန်းတို့အား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ် ကျန်းမာရေးကြီးကြပ်ကော်မတီဝင်များအားတွေ့ဆုံကာ ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ၊ ကုသမှုလုပ်ငန်းများကို ကျေနပ်အားရဖွယ်တွေ့ရှိရပါကြောင်း၊


 

     ဤဒေသသည် (၁၉၈၆) ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ချီးမြှင့်သော ဆာဆာကာဝါ ကျန်းမာရေး ဆုရရှိခဲ့သော စံပြမြို့တစ်မြို့ဖြစ်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သော ကျန်းမာရေးဦးစီးဌာနမှူး အဆင့်ဆင့်ကိုဂုဏ်ပြုရမည်ဖြစ်ပြီး အောင်မြင် မှုကို ဆက်လက်ထိန်းသိမ်းကာ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ဆေးပစ္စည်းများသိုလှောင် ဖြန့်ဖြူးခြင်းအတွက် ကွန်ပျူတာနှင့်ဆော့ဝဲလ်များထောက်ပံ့ပြီးဖြစ်ရာ စနစ်တကျ အသုံးပြု ရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ယာဆောက်လုပ်ရေးကို ဦးစားပေးအနေဖြင့် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။


 

     ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံ သို့ရောက်ရှိပြီး အရေးပေါ်နှင့်ပြင်ပလူနာဌာန ၊ Counselling Room ၊ သွားနှင့် ခံတွင်းဆိုင်ရာ ကုသခန်း၊ ရောဂါရှာဖွေရေးဓါတ်ခွဲခန်းများအား ကြည့်ရှုစစ်ဆေးသည်။

     ထို့နောက် အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ အထူးကုဆရာဝန်၊လက်ထောက်ဆရာဝန်နှင့် သူနာပြုများအားတွေ့ဆုံကာ ဆေးရုံအုပ်ကြီး အနေဖြင့် ဆေးရုံကိုမိမိကိုယ်ပိုင်သဖွယ် သဘောထားပြီး ဝန်ထမ်းများကို မိမိ၏မိသားစု သဖွယ် သဘောထားကာ စည်းစည်းလုံးလုံးဖြင့် မိမိဒေသကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများ၏ ယုံကြည်အားကိုးမှု ကိုရရှိကာ ဆက်လက်ဆောင်ရွက်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အောင်မြင်စွာဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊

     အရေးပေါ်လူနာများအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်း နှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပိုမိုကောင်းမွန်စနစ်ကျသော အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် စီစဉ်ထားရှိပြီးဖြစ်ရာ ဗဟိုအဆင့်ဆေးရုံကြီးများမှဆောင်ရွက်မှုများကို ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ကာ သင်ကြားပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီးလိုအပ်ချက်များအား တင်ပြချက်များအပေါ် ချက်ချင်းဆောင်ရွက်ပေးနိုင်သည် များကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အပိုင်းလိုက်၊ အဆင့်လိုက်ဆောင်ရွက်နိုင်ရန် ဗဟိုအဆင့်၊ တိုင်းအဆင့်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


 

     အောက်တိုဘာ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝက်လက်မြို့ နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးသိုလှောင်ခန်းနှင့် ပြင်ပလူနာဌာနများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လူနာဆောင်များတွင် ကုသမှုခံယူနေသောလူနာများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။

     ထို့နောက်အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးကြီးကြပ်ကော်မတီဝင်များ နှင့်တွေ့ဆုံပြီး ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများကို ကျေနပ်ဖွယ်တွေ့ရှိရပါကြောင်း၊ မိသားစုသဖွယ် စည်းစည်းလုံးလုံး ၊ ညီညီညွတ်ညွတ်ဖြင့် စံပြဆေးရုံသဖွယ်ဖြစ်အောင် ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း၊ လိုအပ်ချက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။


 

     နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ် ဆေးရုံ၏ ပြင်ပလူနာဌာနတွင် အရေးပေါ်လူနာရောက်ရှိလာပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မည့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ စနစ်တကျထားရှိမှုအား လည်းကောင်း၊ ဆေးသိုလှောင်ခန်း၊ သွားနှင့်ခံတွင်းဆိုင်ရာကုသခန်း၊ ဓါတ်မှန်ခန်း၊ ဓါတ်ခွဲ ခန်းနှင့် လူနာဆောင်များအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုက်နယ်ဆရာဝန်၊ သူနာပြုများနှင့် ဒေသခံရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ထမ်းအိမ်ယာ လိုအပ်ချက်များအား ဦးစားပေးအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်မည့်အစီအစဉ်ကို ပြောကြား ခဲ့သည်။

 
 

More Tags