ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကြည့်ရှုစစ်ဆေး

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အောက်တိုဘာလ(၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ လိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ သူနာပြုသားဖွားသင်တန်းကျောင်းသို့ရောက်ရှိရာ သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။


 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် သူနာပြုအတတ်ပညာနှင့် ပတ်သက်၍ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားပုံနည်းစနစ်များကောင်းမွန်ရေး ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သူနာပြုသားဖွားများ၏ အရည်အသွေးကိုယခုထက်ပိုမို၍ တိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း မှီငြမ်းကိုးကားစာအုပ်(Reference) များကို ဖတ်ရှုနိုင်ရန် ကျောင်းများ သို့စတင်ဖြန့်ဝေလျက်ရှိကြောင်း ၊ အင်္ဂလိပ်စာ ပိုမိုကျွမ်းကျင်မှုရှိရန်လည်း လေ့လာကြစေလိုပါကြောင်း၊ သူနာပြု/သားဖွားများ၏ ဘဝတက်လမ်းအတွက် ဘွဲ့ရအရာရှိများဖြစ်လာစေရန် သားဖွားသိပ္ပံဘွဲ့နှင့် လုပ်ငန်းခွင်မှ သူနာပြုဒီပလိုမာရရှိပြီးသူများအတွက် အလုပ်လုပ်ရင်း သူနာပြုသိပ္ပံဘွဲ့ရရှိနိုင်မည့် (Off-campus) သင်တန်းများပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပအတွေ့အကြုံများရရှိစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစီအစဉ်ဖြင့် သင်တန်းများ / လေ့လာရေးခရီးများ စေလွှတ်သွားရန်စီစဉ်ထားပါကြောင်း၊ သူနာပြုတက္က သိုလ်နှင့်ညှိနှိုင်းကာ သူနာပြုအတတ်ပညာဆိုင်ရာ သုတေသနများ ဆောင်ရွက် လျက်ရှိပြီး လိုအပ်ချက်များကို ဝန်ကြီးဌာနမှ ပံ့ပိုးပေးလျက်ရှိပါကြောင်း ပြောကြားသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Skill Lab Room နှင့် Demonstration Room တို့တွင် လက်တွေ့သင်ကြားပြသနေမှုများ၊ သင်ထောက်ကူပစ္စည်းများကို ကြည့်ရှု၍ ကျေနပ်ဖွယ်ရာရှိပါကြောင်း ပြောကြားသည်။


 

      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ပြင်ပလူနာဌာန၊ ခွဲစိတ်ကုသဆောင်၊ ကျောက်ကပ်သွေးသန့်စင်ခန်း၊ ခွဲစိတ်ခန်း၊ အကြော အဆစ်နှင့် ပြန်လည်သန်စွမ်းရေးအထူးကုဌာန၊ ဆေးသိုလှောင်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများအားတွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်ဆေးရုံ၏ ဝန်ဆောင်မှုကောင်းမွန်ရေးအတွက် ဆေးပညာကျင့်ဝတ်များကိုလိုက်နာပြီး ဝန်ထမ်းအားလုံး စုစုစည်းစည်းဖြင့် ပြည်သူ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်သည်ကို တွေ့ရှိရသည့် အတွက်ဝမ်းမြောက်မိပါကြောင်း၊ လူနာများသည် ဝေဒနာပျောက်ကင်းသက်သာရေးအတွက် ဆေးရုံသို့ အားကိုးတကြီးဖြင့် လာရောက်ကြသူများဖြစ်ပါ၍ မသိ၍ မှားယွင်းမှုကို ခွင့်လွှတ်နားလည်ပြီး ပြုစုကုသပေး ရန်၊ လူနာများဆေးရုံမှဆင်းသည့်အခါ ဆက်လက်သောက်ရမည့်ဆေးနှင့် ကျန်းမာရေးပညာပေးခြင်းကို စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်လိုပါကြောင်း၊ ဆေးရုံဝန်ဆောင်မှုနှင့် ပတ်သက်၍ စံပြဆေးရုံအဖြစ် ထားရှိနိုင်စေရန် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊


 

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးရုံများရှိ သန့်စင်ခန်းများ၏ သန့်ရှင်းရေးပိုမို တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ရန်အတွက်လည်း ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ဆေးရုံများ၌ စျေးနှုန်း သင့်တင့်သော စားသောက်ဆိုင်၊ ဆေးဆိုင်နှင့် လူနာများအတွက် ပစ္စည်းများအလွယ်တကူ ဝယ်ယူနိုင်ရန် Convenience စတိုးဆိုင်ငယ်များ ဖွင့်လှစ်နိုင်ရေးအတွက် ဆေးရုံကြီးကြပ်ကော်မတီများနှင့် ညှိနှိုင်း ဆောင်ရွက်ကြရန်ပြောကြားပြီး တင်ပြ တောင်းခံချက်များမှ ဆောင်ရွက်ပေးနိုင်သည့်ကိစ္စများကို ချက်ချင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ‌‌ရေရှည်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စများကို အပိုင်းလိုက်၊ အဆင့်လိုက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခဲ့သည်၊၊


 

      ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ခတက္ကန်ကျေးလက်ကျန်းမာရေးဌာနတွင် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းတွင် ရှေ့တန်းတိုက်စစ်မှူးများသဖွယ်ဖြစ်ပါကြောင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများ ကျွမ်းကျင်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှသာ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မား လာမည်ဖြစ်ပါကြောင်း၊ စံပြုကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက် လက်စွဲစာအုပ်ကို လာမည့်နိုဝင်ဘာလတွင် တပြည်လုံးအတိုင်းအတာဖြင့် ဖြန့်ဝေသွားမည်ဖြစ်ရာ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


 

     အောက်တိုဘာ(၁၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မုံရွာမြို့ရှိ မြန်မာ-အိန္ဒိယချစ်ကြည်ရေး ခုတင်(၂၀၀)ဆံ့ အမျိုးသမီး၊ သားဖွားနှင့် ကလေးအထူးကု ဆေးရုံကြီး၏ ပြင်ပလူနာဌာနအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာများအား မိမိ၏မိသားစုကဲ့သို့ သဘောထားကာ ပြုစုစောင့်ရှောက်ကြရန် ပြောကြားသည်။ ယင်းနောက် သားဖွားမီးယပ် ကုသဆောင်၊ ခွဲစိတ်ခန်း၊ ကလေးကုသဆောင်၊ သားဖွားဆောင် တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပညာရပ်ဆိုင်ရာတိုးတက်မှု၊ ကျွမ်းကျင်မှုရှိစေရန် မိမိတို့သိရှိသည်များကို လက်ဆင့်ကမ်း အသိပညာမျှဝေကြရန်ဖြစ်ကြောင်း၊ လက်တွေ့ဆေးပညာအရည်အသွေး မြှင့်တင်နိုင်ရေး အတွက် ဆေးပညာနှီးနှောဖလှယ်ပွဲများမှ နောက်ဆုံးပေါ်ပညာရပ်များကို တစ်နိုင်ငံလုံးရှိ ဆရာဝန်များထံသို့ ဗီဒီယိုဖိုင်များ၊ Power Point တင်ပြချက်များကို အင်တာနက်မှတစ်ဆင့် ဖြန့်ဝေနိုင်ရေး ဆောင်ရွက် လျက် ရှိသကဲ့သို့ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် ညှိနှိုင်း၍ (Clinical update) စာစောင်များ ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံအုပ်ကြီးများမှ လူငယ်ဆရာဝန်များကို မိမိတို့ဝါသနာပါပြီး ဘွဲ့လွန်ဆက်လက် တက်ရောက်လိုသည့်ဘာသာရပ်များတွင် ဦးစားပေးတာဝန်ချထား ပေးစေလိုပါကြောင်း၊ လူငယ်ဆရာဝန်များအနေဖြင့်လည်း မိမိတို့ဘဝတက်လမ်းအတွက် ကြိုးစား၍ စာဖတ်စေလိုကြောင်း၊ ဘွဲ့ရရှိပြီး (၃)နှစ်မှ (၅)နှစ်အတွင်း ကြိုးစားလေ့လာလျှင် မိမိတို့ဘဝတက်လမ်း ရည်မှန်းချက်ကို ရောက်ရှိအကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်၊၊

     ၄င်းနောက် တင်ပြတောင်းခံချက်များမှ ဆောင်ရွက်ပေးနိုင်သည့်ကိစ္စများကို ချက်ချင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ‌‌ရေရှည်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စများကို အပိုင်းလိုက်၊ အဆင့်လိုက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခဲ့သည်၊၊


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချောင်းဦးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ပြင်ပလူနာဌာနတွင် စာရင်းဇယားရေးသွင်းထားမှုများအားလည်းကောင်း၊ အရေးပေါ်လူနာ ရောက်ရှိလာပါက အသုံးပြု မည့် ဆေးဝါးများထားရှိမှုအားလည်းကောင်း ကြည့်ရှုပြီး စာရင်းဇယားရေးသွင်းရာတွင် မလိုအပ်သည့်အကြောင်းအရာများ ပါရှိပါက အချိန်ကြန့်ကြာမှု ဖြစ်စေသည့်အတွက် ပြုပြင်ဆောင်ရွက်‌နေပြီဖြစ်ကြောင်းနှင့် ကွန်ပျူတာစနစ် အသုံးပြု ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။

     ယင်းနောက် ဆေးသိုလှောင်ခန်းအား ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသောဆေးဝါးများကို အလေအလွင့်မရှိ ထိရောက်စွာသုံးစွဲရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အသုံးများသောဆေးဝါးများကို မသုံးစွဲလိုက်ရဘဲ သက်တမ်းကုန်ဆုံးသွားခြင်းများမဖြစ်အောင် အထူးကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

     ဆက်လက်ပြီး အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဆေးပစ္စည်းသိုလှောင်မှုစနစ်တကျစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျဖြစ်စေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ဆေးရုံအုပ်၏ဦးဆောင်မှုဖြင့် ဝန်ထမ်းအားလုံးစုစုစည်းစည်းဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်ပြောကြားပြီး ဆေးရုံအဆောက်အဦသစ်၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်မှုများနှင့်ပတ်သက်၍ တင်ပြတောင်းခံ ချက်များမှ ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ချက်ချင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ‌‌ရေရှည် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စများကို အပိုင်းလိုက်၊ အဆင့်လိုက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခဲ့သည်၊၊


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နတ်ရေကန်ကျေးလက်ကျန်းမာရေးဌာနအားလည်းကောင်း၊ စစ်ကိုင်းမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၏ ပြင်ပလူနာဌာန၊ ဆေးမှတ်တမ်းဌာနအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ ဆရာဝန်၊ သူနာပြုများနှင့်တွေ့ဆုံကာ ယခုနှစ်သည် ဆေးရုံဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးမြှင့်တင်ရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေကို အလေအလွင့်မရှိ ထိရောက်စွာသုံးစွဲနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးကုဆရာဝန်ကြီးများရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဆေးရုံကြီးများတွင် ဘွဲ့လွန်တက်ရောက်နေသော ကျောင်းသား များကို အချိန်ပိုင်း တွဲဖက်ခန့်ထားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအား အကာအကွယ်ပေးနိုင်မည့်အဖွဲ့ကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနိုင်မည့် ဒုတိယညွှန်ကြားရေး မှူးချုပ် (၁)ဦး ဦးဆောင်သောအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး လုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊


 

     ဝန်ထမ်းများ လုပ်ငန်းခွင်တွင် ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးခြင်းကို အထူးဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ကုသရေးဦးစီး ဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပြန်လည်ပေါင်းစည်းမည်ဖြစ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

More Tags