ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေး၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် GC Corporation ဥက္ကဋ္ဌတို့အား တွေ့ဆုံခြင်း

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့

    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဌ၊ Mr. Hideo Watanabe၊ ဂျပန်နိုင်ငံ GC Corporation ဥက္ကဋ္ဌ Kiyotaka Nakao နှင့် အဖွဲ့အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်း၌ ဖေဖော်ဝါရီလ(၁၉)ရက် နေ့လည်ပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။


 

    ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းမှတဆင့် ဂျပန်နိုင်ငံGC Corporation က ခေတ်မီသွားစိုက်ခုံ (Dental Chair) (၃)လုံးကို နေပြည်တော်၊ သွားနှင့်ခံတွင်း အထူးကုဆေးရုံကြီးသို့ ထောက်ပံ့လှူဒါန်းသည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ပြည်သူများအတွင်း အကျိုးအများကြီးရှိပါကြောင်း၊ သွားနှင့်ခံတွင်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ လေ့ကျင့်သင်ကြားပေးလိုမှုကို ကြိုဆိုပါကြောင်းနှင့် မြန်မာ-ဂျပန် (၂)နိုင်ငံချစ်ကြည်ရေးကိုရည်မှန်း၍ ရှေ့ဆက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

     ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe က ယခု လှူဒါန်းသော မြန်မာနိုင်ငံအတွက် သွားစိုက်ခုံများထပ်မံထောက်ပံ့ပေးသွားရန်ရှိပြီး သွားနှင့်ခံတွင်းဆိုင်ရာ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ လေ့ကျင့်သင်ကြားပေးလိုကြောင်းနှင့် မြန်မာနိုင်ငံအား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းက ရှေ့ဆက်ပြီး ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


 

     ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ခေတ်မီသွားစိုက်ခုံ (Dental Chair) (၃)လုံး လှူဒါန်းခဲ့သည့် GC Corporation ဥက္ကဋ္ဌ Kiyotaka Nakao အား ဂုဏ်ပြုမှတ်တမ်းကိုပေးအပ်ခဲ့ပါသည်။

     အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး (သွားနှင့်ခံတွင်း) ဒေါက်တာခင်မောင်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌHideo Watanabe၊ ဂျပန်နိုင်ငံ GC Corporation မှ ဥက္ကဋ္ဌ Kiyotaka Nakao GC Communication မှ ဥက္ကဋ္ဌ Yoshio Saruya၊ Association of Health care Corporation Meikeikai မှ ညွှန်ကြားရေးမှူး Professor Akihiko Katayama တို့ တက်ရောက်ကြပါသည်။

 
 

More Tags