ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေး၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့၊ Office of Inspector General(OIG) မှ Lead Auditor ဖြစ်သူ Mr. Augustine Agyeman-Duah အား လက်ခံတွေ့ဆုံ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့

      (၁၄-၁-၂၀၁၈)နေ့၊ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကမ္ဘာ့ရန်ပုံငွေအဖွဲ့၊ Office of Inspector General(OIG) မှ Lead Auditor ဖြစ်သူ Mr. Augustine Agyeman-Duah အား တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် (OIG) အဖွဲ့မှ ယခုကဲ့သို့ လာရောက်ခြင်းသည် ကမ္ဘာ့ရန်ပုံငွေအထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအတွက် မတူညီသည့် ရှုထောင့်များမှ သုံးသပ်ရှုမြင်မည်ဖြစ်၍ လုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မည့်အချက်များကို ပိုမိုသိမြင်လာနိုင်မည်ဖြစ်ပြီး လာရောက်ခြင်းကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

     Mr. Augustine Agyeman-Duah မှ ပြန်လည်ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ကမ္ဘာ့ရန်ပုံငွေအထောက်အပံ့ဖြင့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်း များကို ဆောင်ရွက်ရာတွင် သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိခဲ့သည့်အပြင် Myanmar Health Sector Coordinating Committee (MHSCC) ဖွဲ့စည်းပုံ စနစ်တကျရှိမှုအတွက် အထူးပင် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ယခု OIG Mission မှလည်း အပြုသဘောဆောင်သော စစ်ဆေးတွေ့ရှိချက်များနှင့် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့်အချက်များကို ဦးစားပေး ဖော်ပြအစီရင်ခံ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


 

     တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်ရေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက် မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags