ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး B.Sc (Sports) သိပ္ပံဘွဲ့ (အားကစားပညာ)ရရှိသော ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံလမ်းညွှန်မှာကြား

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့

     ၂၀၁၇-၂၀၁၈ခုနှစ်၊ ပညာသင်နှစ်တွင် ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့မှ B.Sc (Sports) သိပ္ပံဘွဲ့(အားကစားပညာ)ရရှိသော ဘွဲ့ရကျောင်းသား၊ကျောင်းသူများအား အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ တွေ့ဆုံလမ်းညွှန်မှုအခမ်းအနားအား ယနေ့နံနက် (၈ : ၃၀)နာရီခွဲ အချိန်တွင်နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ် (၃၁)ရှိ အစည်းအဝေး၌ကျင်းပပြုခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ B.Sc(Sports) ဘွဲ့ရကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား အခမ်းအနားသို့ တက်ရောက်လာကြသော B.Sc(Sports) ဘွဲ့ရကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ဂါဝရပြု နှုတ်ဆက်ပါသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်၍ B.Sc (Sports) ကျောင်းသား/သူများအား ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်၌ လက်ခံ ပညာသင်ကြားပေးမှု အခြေအနေနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် B.Sc(Sports) ဘွဲ့ရရှိသူ (၉၇)ဦးအနက် တတိယနှစ်ဂုဏ်ထူးတန်း (၂၇)ဦးနှင့် မဟာတန်းတက်ရောက်နေသူ (၁၁)ဦးတို့၏ ဆက်လက် ပညာသင်ကြားနေမှုအခြေအနေနှင့် ကျန်ရှိ (၅၉)ဦးအား အားကစားနှင့်ကာယပညာဦးစီးဌာန၌ (နည်းပြ/ နည်းစနစ်မှူး)နှင့် ပညာရေးဝန်ကြီးဌာန၌ ကာယကျွမ်းကျင်ဆရာအဖြစ် ခန့်ထားနိုင်ရေးနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးတွင် ကာယနည်းပြအဖြစ် ခန့်ထားနိုင်ရေး အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက B.Sc(Sports) ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံ၏ပထမဦးဆုံးအားကစားဆိုင်ရာ ဘွဲ့ရရှိသူများဖြစ်၍ အထူးဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါကြောင်းနှင့် ဘွဲ့ရမောင်/မယ်များအနေနှင့် ယခုဘွဲ့ရရှိမှုကိုသာ လက်ခံကျေနပ်မနေဘဲ အားကစားဆိုင်ရာပညာရပ်များကို နိုင်ငံတကာမှ နည်းစနစ်များ၊ နည်းပညာများ၊ ခေတ်နှင့်အညီ ပြောင်းလဲနေမှုများ ကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပြီးထပ်မံလေ့လာသင်ယူကြရန်လိုအပ်ကြောင်း၊ သို့မှသာ ဘဝအတွက်တက်လမ်းရှိမှာဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် အားကစားနှင့် ပတ်သက်၍ လုပ်ငန်းများစွာပေါ်ပေါက်နေ၍ အလုပ်အကိုင်အခွင့်အလမ်းများပြားပါကြောင်း၊ မိမိတို့နိုင်ငံအနေနှင့်လည်း နိုင်ငံတစ်ဝန်းငြိမ်းချမ်းလာမှုနှင့်အတူ နိုင်ငံတိုးတက်ဖွံ့ဖြိုးလာပြီး အားကစားနှင့် ပတ်သက်၍ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ယခု အားကစား ဘွဲ့ရမောင်/ မယ်များအား အားကစားနှင့်ကာယပညာဦးစီးဌာန၌ (နည်းပြ/နည်းစနစ်မှူး) ရာထူးများနှင့် ပညာရေး ဝန်ကြီးဌာန၌ (ကာယကျွမ်းကျင်ဆရာ)များအဖြစ် ခန့်အပ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အားကစားနှင့် ဘွဲ့ရရှိသော ဘွဲ့ရမောင်/မယ်များကို ကာယပညာဆရာများနှင့်ခန့်ထားနိုင်ရေး အထူးဆောင်ရွက်လျက်ရှိကြောင်း၊ အနည်းဆုံး(၂၀ဝဝ)ဦးခန့် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတွင် B.Sc(Sports) ဘွဲ့ရမောင်/မယ်များကို ဦးစားပေးခန့်ထားမည်ဖြစ်ပါကြောင်း၊ ဘွဲ့ရမောင်/မယ်များအနေနှင့် လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်ရာတွင် အားကစားဆိုင်ရာပညာရပ်များကို ထပ်မံလေ့လာလိုက်စားရုံ သာမက အင်္ဂလိပ်စာအရည်အချင်းတိုးတက်အောင်လေ့လာရန်လိုအပ်ကြောင်း၊


 

     သို့မှသာ နိုင်ငံတကာနှင့် ပြောဆိုဆက်ဆံနိုင်ပြီး နိုင်ငံတကာ အားကစားပွဲများ ပြုလုပ်သောအခါ၌လည်း ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ ဘွဲ့ရကျောင်းသား/ ကျောင်းသူများအနေဖြင့် မြန်မာအားကစား လောကတစ်ခုလုံး တိုးတက်လာရေးအတွက် အားကိုးနိုင်လောက်သော စွမ်းဆောင်နိုင်သူများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဆက်လက်၍ B.Sc(Sports) သင်ကြားနေသော သင်ကြားမှုပုံစံနှင့် သင်ရိုးညွှန်းတမ်းအား တိုးတက်ကောင်းမွန်စေရေးအတွက် ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း၊ သင်ကြားပို့ချမှုပြုလုပ်သော အခါတိုင်း ကျောင်းသားများနှင့် အပြန်အလှန် ဆွေးနွေးမေးမြန်ရန်အတွက် အချိန်ပေး ရန်လိုအပ်ကြောင်း၊ ဘွဲ့ရမောင်/မယ်များအနေဖြင့် မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်အောင်၊ ပြောင်မြောက်လာအောင် ဆောင်ရွက်မည့်သူများဟု ယုံကြည်ပါကြောင်းဖြင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ ပါသည်။

    ထို့နောက် အခမ်းအနားတက်ရောက်လာသူ B.Sc(Sports) သင်ကြားသူ ဆရာမ ဒေါက်တာမြလေးစိန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မဟာဂုဏ်ထူးတန်း အတွက် သင်ကြားမှုပုံစံ သင်ရိုးညွှန်တမ်းများနှင့် B.Sc(Sports) အားကစားဘာသာရပ်များကို သင်ကြားပို့ချနေသော ပြင်ပအားကစားပညာရှင်ကြီးများအား သင်ကြားမှုထောက်ပံ့မှုကိစ္စရပ်များကို အသီးသီး ဝိုင်းဝန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ဆွေးနွေးပြောကြားပါသည်။

     ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော B.Sc(Sports)ဘွဲ့ရ မောင်/ မယ်များမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါ သည်။

 

More Tags