စားသောက်ကုန်များတွင် အန္တရာယ်ရှိ ဆိုးဆေးများ၊ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ ရောဂါပိုးမွားများ ကင်းစင်း၍ လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဖြစ်စေရေးကိစ္စရပ်များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဆွေးနွေး

Union Minister Dr. Myint Htwe discusses food safety issues with responsible persons from Yangon City Development Council

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာန) ဒေါက်တာစိုးဉီး၊ ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာနမှူး ဒေါက်တာမင်းဝန်တို့နှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဉီးမင်းဟန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး) ဒေါက်တာသန်းသန်းလွင် နှင့် တာဝန်ရှိသူများအား ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် တွေ့ဆုံ၍ ဈေးများတွင် ရောင်းချနေသော အသား၊ ငါး၊ အသီးအရွက်များနှင့် စားသောက်ကုန်များတွင် အန္တရာယ်ရှိ ဆိုးဆေးများ၊ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ ရောဂါပိုးမွားများ ကင်းစင်း၍ လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဖြစ်စေရေးကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

 

     အဆိုပါ အစည်းအဝေးတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်ပြောကြားရာတွင် -
• ပြည်သူများ နေ့စဉ်စားသုံးနေရသည့် စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊
• ဘေးအန္တရာယ်ရှိသော စားသောက်ကုန်များကြောင့် ကင်ဆာရောဂါအပါအဝင် မကူးစက်တတ်သော ရောဂါများကို ဖြစ်ပွားစေနိုင်ပါကြောင်း၊
• ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဈေးများအပါအဝင် နိုင်ငံတစ်ဝန်းရှိ ဈေးများတွင်ရောင်းချနေသော စားသောက်ကုန်များသည် ပြည်သူများ စားသုံးရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစိတ်ချရစေရေးအတွက် လူမှုရေးဝန်ကြီးများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန၊ စည်ပင်သာယာရေးကော်မတီများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ စိုက်ပျိုးရေးဉီးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန၊ အကောက်ခွန်ဉီးစီးဌာန၊ ကုန်သွယ်ရေးဉီးစီးဌာန စသည့် နှီးနွှယ်ဌာနများပါဝင်သည့် “အမျိုးသားအဆင့် ဆွေးနွေးပွဲကြီး” တစ်ခုကို (၂၀၂၀) ခုနှစ်၊ နှစ်ဉီးပိုင်းတွင်ပြုလုပ်ရန် လိုအပ်သည်များ ဝိုင်းဝန်းပြင်ဆင်ကြရမည်ဖြစ်ပါကြောင်း၊
 

 

• အဆိုပါ ဆွေးနွေးပွဲကြီးတွင် အကြံပြုဆွေးနွေးချက်များကို ရယူ၍ လုပ်ငန်းမူဘောင်၊ လမ်းပြမြေပုံ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• စားသုံးသူနှင့် ရောင်းချသူများကိုလည်း ထိရောက်စွာ အသိပညာပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနများပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊
• ဈေးများတွင် ရောင်းချသော စားသောက်ကုန်များ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ဖြစ်စေရေးအတွက် စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့များက ဉီးဆောင်အခန်းကဏ္ဍမှ ဆောင်ရွက်ပေးရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သက်ဆိုင်ရာ ကဏ္ဍတွင် ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

More Tags