ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the opening session of “Workshop on Private Health Care Development”

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာတွင် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကဏ္ဍ (လူမှုအဖွဲ့အစည်းများ၊ ပရဟိတ၊ ကုသိုလ်ဖြစ် ဆေးခန်းများ) စသည်ဖြင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ရခြင်းဖြစ်ပြီး ကဏ္ဍအားလုံး ဖွံ့ဖြိုး တိုးတက်မှုဖြင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိစေရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• ယခုအလုပ်ရုံဆွေးနွေးပွဲတွင် အဆိုပါကဏ္ဍ (၃) ခု အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှု ကောင်းမွန်စေရေးကိုလည်း ဝိုင်းဝန်းဆွေးနွေးအကြံပြု ကြစေလိုပါကြောင်း၊

• ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးပညာကျင့်ဝတ်၊ လူမှု စီးပွားကျင့်ဝတ်များ၊ မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများလိုက်နာမှုသည် အရေးကြီးပြီး ပြည်သူများအား အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီတတ်နိုင်သည့် မျှတသောဝန်ဆောင်ခဖြင့် ရရှိစေရေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စံလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များ၊ အဆင့်ဆင့်စီမံခန့်ခွဲမှုများနှင့် အညီလုပ်ဆောင်ခြင်းဖြစ်ပါကြောင်း၊

 

• အလားတူပင် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍအနေဖြင့်လည်း (၂၀၀၇) ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ (၂၀၁၃) ခုနှစ်တွင်ထုတ်ပြ်ခဲ့သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် (၂၀၁၅) ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာနည်းဥပဒေတို့ကို လိုက်နာဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊

• ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကိုလည်း ပုဂ္ဂလိကျန်းမာရေး လုပ်ငန်း တာဝန်ရှိသူများအနေဖြင့် သေချာစွာ လေ့လာကြစေလိုပါကြောင်း၊

• ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေတွင်ပါဝင်သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း အရည်အသွေးထိန်းသိမ်းမြှင့်တင်ခြင်းနှင့် အရည်အသွေးမြင့်မားရေးအတွက် အချက်များကိုလည်းကောင်း၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတာဝန်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူတို့၏ တာဝန်ဝတ္တရားများကိုလည်းကောင်း အလေးပေးကာ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊

• ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို ကြီးကြပ်ပံ့ပိုးဆောင်ရွက်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများပါဝင်သည့် “ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့” ကိုလည်း (၂၀၁၇) ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊

 

• လက်ရှိတွင် ဝန်ကြီးဌာနမှ ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်း (၅၄၄၁)ခု၊ အထူးကုဆေးခန်း (၇၁၇) ခု၊ ဆေးရုံ (၂၄၃) ရုံ၊ ရောဂါရှာဖွေးရေးဓာတ်ခွဲခန်း (၂၂၂) ခု၊ ဓာတ်မှန်ခန်း (၁၃၇) ခု ကို လိုင်စင်ခွင့်ပြုထားရှိပါကြောင်း၊

• ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင်လည်းကောင်း၊ သက်တမ်းတိုးရာတွင် လည်းကောင်း လွယ်ကူလျင်မြန်ချောမွေ့စေရန် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်မှုများကို နှောင့်နှေးကြန့်ကြာစေနိုင်သော စည်းမျဉ်းစည်းကမ်းများကိုလည်း ခေတ်နှင့်အညီ လိုအပ်သလို မွမ်းမံပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ မွမ်းမံပြင်ဆင်သင့်သည်များနှင့် ပတ်သက်၍လည်း အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊

• ပုဂ္ဂလိကကျန်းမာရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာ တွင် ဆောင်ရွက်မှုများမှ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့်အချက်များကို ရွေးချယ်ရယူဆောင်ရွက်ရ မည် ဖြစ်ပါကြောင်း၊

 

• လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ကိုယ်တိုင် လူနာများ၏ နေရာရှုထောင့်မှ စဉ်းစား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

• ယခုအလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊ အမျိုးသားကျန်းမာရေးစီမံကိန်းအကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ၏ အခန်းကဏ္ဍ၊ အုပ်ချုပ်မှုနှင့်ကျင့်ဝတ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်၊ ဆေးပညာသင်ကြားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး၊ လုပ်ငန်းမူဘောင်၊ လူနာနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူတို့၏ ဘေးကင်းလုံခြုံမှု စသည့် အကြောင်းအရာခေါင်းစဉ်များ ကိုလည်းကောင်း၊ ဒုတိယနေ့တွင် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများမှ ရွေးချယ်သတ်မှတ်သည့် အရေးကြီး ခေါင်းစဉ်အကြောင်းအရာများကိုလည်းကောင်း လက်တွေ့အခြေအနေများနှင့် ချိန်ထိုးဆွေးနွေးကြမည် ဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း၊

• အလုပ်ရုံဆွေးနွေးပွဲမှ အကြံပြုချက်များဖြင့် လက်တွေ့အခြေအနေများနှင့် ကိုက်ညီကာ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းမူဘောင်၊ လမ်းပြမြေပုံနှင့် လုပ်ငန်းစဉ်များရေးဆွဲကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကြီး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံအတွင်း အရည်အသွေးပြည့်ဝ၍ ကျင့်ဝတ်များနှင့် ညီညွတ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးတို့ကို အားလုံးဝိုင်းဝန်းကြ်ုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပုဂ္ဂလိကဆေးရုံများအသင်း (အောက်မြန်မာပြည်)မှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များက အသင်း၏ကိုယ်စား ရေဘေးအန္တရာယ် ကျရောက်ရာ နေရာဒေသများရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကျပ်ငွေ (၁၀၀) သိန်း လှူဒါန်းမှုကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံခဲ့ပါသည်။

 

     အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆေးရုံအုပ်ချုပ်မှုပညာအဖွဲ့၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ World Bank နှင့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags