ပုဂ္ဂလိက သူနာပြု/သားဖွားအတတ်ပညာသင်ကျောင်းများဖွင့်လှစ်ခွင့်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

     ပုဂ္ဂလိက သူနာပြု/သားဖွားအတတ်ပညာသင်ကျောင်းများဖွင့်လှစ်ခွင့်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မေလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ်-ရန်ကုန် အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက် အမှာစကား ပြောကြားသည်။

 

 

     ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် သူနာပြု/သားဖွားကဏ္ဍသည် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မရှိမဖြစ်အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်၍ မွန်မြတ်သည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၏ လွှမ်းခြုံမှုနှင့် အရည်အသွေးတိုးမြင့်လာသည်နှင့်အမျှ အရည်အသွေးပြည့်ဝသော သူနာပြု/သားဖွားများ လိုအပ်သည့် ပြည်သူ့ဆေးရုံ/ဆေးခန်းများတွင်သာမက ပုဂ္ဂလိကကဏ္ဍတွင်လည်း လူသားအရင်းအမြစ် လိုအပ်ချက် တစ်ရပ်ဖြစ်လာခဲ့ကြောင်း၊

     သူနာပြု/သားဖွားလူသား အရင်းအမြစ်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ပါက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် သူနာပြု/သားဖွားများ၏ ဝင်ငွေတိုးတက်ရရှိလာပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာလျင် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းလည်း ပိုမိုမြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရကဏ္ဍအနေဖြင့် မည်သို့ပူးပေါင်းဆောင်ရွက်ကာ သူနာပြု/ သားဖွားများကို မွေးထုတ်နိုင်မည်ဆိုသည်ကို ရှုထောင့်ပေါင်းစုံမှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း၊ သူနာပြု/ သားဖွားဥပဒေ၏ နောက်ဆက်တွဲနည်းဥပဒေကိုလည်း အမြန်ပြီးစီးရန် ဆောင်ရွက်စေလို ကြောင်း၊ လိုအပ်ချက်များကိုလည်း ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


 

     ယင်းနောက် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဌ ဒေါ်ဖြူဖြူက မြန်မာနိုင်ငံသူနာပြု နှင့်သားဖွားကောင်စီဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

     ထို့နောက်အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။

     အဆိုပါ အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး၊ သူနာပြုတက္ကသိုလ်- ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမြတ်သန္တာ၊ သူနာပြုတက္ကသိုလ်-မန္တလေး-ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်သက်ဝေ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး(သူနာပြု)များ၊ ပါမောက္ခဌာနမှူးများ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီနှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း၊ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများ အသင်းနှင့်ပုဂ္ဂလိကဆေးရုံများမှ တာ၀န်ရှိသူများ တက်ရောက် ကြသည်။

More Tags